နိုင်ငံနှင့် လူမျိုး ကောင်းကျိုးအတွက် ပညာရေးဝန်ကြီးထံသို့ မြန်မာနေရှင်နယ်ပို့မှတဆင့် အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံနှင့် လူမျိုး ကောင်းကျိုးအတွက် ပညာရေးဝန်ကြီးထံသို့ မြန်မာနေရှင်နယ်ပို့မှတဆင့် အိတ်ဖွင့်ပေးစာ


၁။ကျွန်တော်သည် မြန်မာသံတော်ဆင့်၊ သူရိယနေဝန်း၊ စောင့်ကြည့် စသည့်စာနယ်ဇင်းများတွင် မြန်မာ့ပညာရေးစစ်တမ်းများ တင်ပြနေသော ကိုဌေး(နတ်မောက်)၊ အမည်ရင်း ကိုဌေးဝင်း၊ ပညာရေးဝန်ထမ်းဟောင်းဖြစ်ပါသည်။ နတ်မောက်မြို့၊မြို့မရပ်တွင် နေထိုင်ပြီး၊ ဖုန်းမှာ ၀၉ ၂၅၆ ၃၂၈ ၄၀၀ဖြစ်ပါသည်။ 

ဤစာသည် ကျွန်တော်၏တပည့် ၂၀၂၀တက္ကသိုလ်ဝင်ခွင့် နစ်နာမှုကိုဖြေရှင်းပေးပါရန်နှင့် တပည့်လို လူငယ်များအကျိုး၊ နိုင်ငံလူမျိုးအကျိုးအတွက် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။


၂။ကျွန်တော့တပည့် အမည်မှာ မချစ်သဲဖြူ၊ ၂၀၂၀ တက္ကသိုလ်ဝင်တန်းကို၊ မြန်မာစာ ၆၆၊ အင်္ဂလိပ် ၆၅၊ သင်္ချာ ၈၀၊ ဓာတု ၆၁၊ ရူပ ၇၇၊ ဇီဝ ၈၃၊ စုစုပေါင်း ၄၃၂ဖြင့်အောင်မြင်ပြီး ခုံအမှတ်မှာ ဖန-၂၁၃ အဘ ဦးနေမင်းထွန်းဖြစ်ပါသည်။ သူ့မိခင်က ရခိုင် တိုင်းရင်းသား၊ ဖခင်က ဗမာတိုင်းရင်းသား ကျွန်တော့တပည့်ဖြစ်၍ ဖခင်မှာ ရောဂါသည်ဖြစ်ပြီး၂၀၂၀ စာမေးပွဲဖြေပြီးကွယ်လွန်သွားပါသည်။ ဖခင်ရှိစဉ်ကပင် စီးပွါးရေးမပြည့်စုံပါ။ မွေးချင်း ၆ ယောက် ဒုတိယသမီး၊ အကြီးဆုံး အကိုမှာ၂၀၁၉ က ဆယ်တန်းအောင်၊ အဝေးသင်တက်နေဆဲ၊ ယခုကျပမ်း အလုပ်လုပ်နေပါသည်။


၃။ ဆင်းရဲသဖြင့် အကိုက မူ၊ လယ်၊ ထက် ကျူရှင်မယူပါ။ သူ့အကိုသည်လည်း နှစ်ချင်းအောင်ပါသည်။ သူလည်း မူ၊ လယ်ကျူရှင်မယူပါ။ သူကိုးတန်းရောက်စဉ် သူ့အဖေက ကျွန့်တော့် ဘော်ဒါထားပါရစေ ဟုတောင်းပန်၍ နေ့တက်ကျောင်းသူအဖြစ်လက်ခံခဲ့ပါသည်။ ဆယ်တန်းကိုလည်း နေ့တက်ကျောင်းသူအဖြစ် လက်ခံပြီး အခမဲ့သင်ကြားပေးခဲ့ပါသည်။၂၀၂၀တွင် ဆယ်တန်းနှစ်ချင်းစွဲသော်လည်း နံနက်စာစား၍ ကျောင်းတက်ရသူမဟုတ်ပါ။ ၎င်းကို တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့မှ သိရပါသည်။ ဤမျှဆိုလျှင် သူ့ဘဝအကြောင်းခန့်မှန်းနိုင်ပါသည်။


၄။ တက္ကသိုလ်ဝင်ခွင့်များ ခေါ်သောအခါ၊ ၂၀၂၁ နိုဝင်ဘာတွင် သူ့ဆရာမက မကွေးပညာရေးကောလိပ်ကို ဦးစားပေးခဲ့ပါသည်။ ၂၀၁၉ကအမှတ် ၄၅၀ရမှ B.Edရရာ စစ်ကိုင်းပညာရေးတက္ကသိုလ်ကို ထည့်မလျှောက်မိပါ။

၅။ ယခုအခါ သူထက်အမှတ်နည်းသော ဘာသာတွဲတူ(၄၂၅မှတ်)ရသူများပင် B.Ed.ရသည်ကို တွေရရာ သူ့နစ်နာမှုကိုဖြေရှင်းနိုင်သူမှာ၊ ပညာရေးဝန်ကြီးသာဖြစ်၍ တင်ပြရခြင်း ဖြစ်ပါသည်။


၆။နိုင်ငံလူမျိုးအကျိုးအတွက် ပြောရလျှင်၊ ၂၀၂၀မှစဖွင့်ခဲ့သော ၄ နှစ်သင်ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းသည် မြန်မာပြည်တွင် အညံ့ဆုံးဒီဂရီကောလိပ်ဖြစ်သည့်ပြင် မချစ်သဲဖြူတို့ကဲ့သို့ ထက်မြက်စူးရှသော အရည်အသွေးရှိသူတို့၏ ကိုယ်ရည်ကိုယ်သွေးကို ဖျက်ဆီးပစ်လိုက်သော ကောလိပ်ဖြစ်ပါသည်။ ပေးမည့်ဘွဲ့မှ ာB.A(Ed),B.Sc(Ed) ဖြစ်ရာ နောက်ဆုံးနှစ် အရည်အချင်းပြည့် Qualified ဖြစ်၍ M.A/M.Scလည်းမပေး။ B.Ed ပဲဝင်ခွင့်ပေးပြန်ရာ B.Edဆိုသည်က ပညာရေးဘွဲ့ပင် ဖြစ်၍ တတ်မြောက်စရာမလိုပါ။


၇။ ၄ နှစ်သင်ပညာရေးဒီဂရီကောလိပ်ကို ၂၀၂၀ မှ စဖွင့်ရာ ယခု၂၀၂၂ သည် ဒုတိယအသုတ်ဖြစ်ပါသည်။ ပထမနှစ်သင်ရိုးညွှန်းတမ်းများသည်၊ ၂ နှစ်သင်ပညာရေးကောလိပ်မှ သင်ရိုးအဆင့်အတန်းကိုပင် မမီဟု ထိုကောလိပ် သင်နေသူ ကထိက တစ်ဦးက ပြောသလို ကျွန်တော်ကိုယ်တိုင်လည်းသိပါသည်။ ထို့ပြင် ယခုအထိ ဒုတိယနှစ်သင်ရိုးများကို မရေးဆွဲနိုင်သေးကြောင်း သိရပါသည်။ ဒီဂရီကောလိပ်ဖြစ်စေ၊ ဒီပလိုမာကျောင်းဖြစ်စေ အသိအတတ်ရသော ပညာကိုပေးရပါမည်။ ဆိုလိုသည်မှာ academic subjects such as Maths or Chemistry or History....= Major Subject= အဓိကသင်ယူရမည့် ဘာသာရပ် တခုခုကိုသင်ပေးရမည်ဖြစ်ပါသည်။ ယခု ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်က ထိုအသိအတတ်ကို တခုမှပေးမထားပါ။ ယခု ပထမအသုတ် ပထမနှစ်ပြီးရာ ဘာအဓိက ဘာသာယူသည် မသဲကွဲပါ။ ၂ နှစ်သင်ပညာရေးကောလိပ်တုန်းက၊ ဆယ်တန်းအောင်သူများကို ဝိဇ္ဇာ သိပ္ပံ ကိုယ်ယူခဲ့သည့် ဘာသာအလိုက် ပညာရပ်ဘာသာသင်ကြားခွင့်ရရာ ထိုကလေးတို့မှာ၊ ကိုယ်ရည်ကိုယ်သွေး ထိခိုက်မသွားပါ ။၂ နှစ်သင်ပြီးသောအခါ အဝေးသင်ဖြင့် B.A, B.Sc တတိယနှစ်မှ စယူရရာ ပညာပြည့်ဝကြပါသည်။


၈။ ယခု ၄ နှစ်သင် ပညာရေးကောလိပ်သည် ၄ နှစ်အချိန်ကြာအောင်သင်ပြီး၊ ပညာရပ် ဘာသာအထူးပြု သင်မပေးဘဲ၊ မူနှင့် လယ်စာသင်နည်းတွေ ၄နှစ် အချိန်ကြာသင်ပေးသည်မှ ာအဓိပ္ပါလုံးဝမရှိပါ။ ဆရာတယောက်ဖြစ်ဖို့ သင်ပြနည်း၊ကလေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ စီမံခန့်ခွဲမှု စသည့်ပညာရေး ဘာသာရပ်တို့ တတ်မြောက်ကျွမ်းကျင်ဖို့၊ လေးငါးနှစ်အချိန်ကုန်ခံစရာမလိုပါ။ မူ လယ် ထက် ဆရာအတတ်ကို တနှစ်ထဲရပါသည်။ အဓိက တတ်မြောက်ဖို့လိုသည်မှာ Major Subject တခုခုဖြစ်ပါသည်။ One should major in Math or English or.....etc. ယခုပေးမည့်ဘွဲ့မှာ B.A(Ed),B.Sc(Ed) ဖြစ်ရာ Ed မှာ အဓိကပညာရပ် ဘာသာမဟုတ်ပါ။


၉။ တခါ ၄ နှစ်သင် ပညာရေးဆင်းများဘဝက အသက် ၂၀မှ စအလုပ်ဝင်ပြီး ပင်စင်ယူချိန်ထိ မူ လယ်ပြဘဝဖြင့်ပင် နိဂုံးချုပ်ရမည်ဖြစ်ရာ လယ်အုပ် ထက်အုပ် မြို့နယ်ပညာရေးမှူး၊ ညွှန်မှူးဘဝ တက်လမ်းမရှိဆိုသည်ကို ဝန်ကြီးသိစေလိုပါသည်။ ကျွန်တော်တို့တုန်းက တနှစ်သင် မူဆရာအတတ်ဆင်း တဖြေးဖြေး တက်လမ်းပေးရာ ညွှန်မှူးညွှန်ချုပ်ထိ ကိုယ်ကြိုးစား ကြိုးစားသလို တက်လှမ်းနိုင်သော်လည်း ယခု လေးနှစ်သင် ပညာရေးကောလိပ်ဆင်းတို့မှာ (က)အမှတ်များ၍ အသက်မွေးဝမ်းကျောင်း ကောလိပ်တက်ရသော်လည်း အနာဂတ်တက်လမ်းမရှိ။ (ဘွဲ့ရထူးချွန်လျှင်သော်မှ M.A, M.Sc မရ။ ပညာရေး လေးနှစ်သင်ပြီး B.Ed ပဲ Ed ပဲထပ်သင်ရသည်။) (ခ)လေးနှစ်ဘွဲ့ရပြီး အဓိကပညာရပ် ဘာသာတခုမှ လုံးဝမတတ်။


၁၀။ ဤပေးစာကိုရေးနိုင်ရန် ပညာရေးကောလိပ်မှ ကထိက တဦးထံမှ အချက်လက်များရယူပါသည်။ နိုင်ငံနှင့် လူမျိုးအကျိုးမရှိသော လေးနှစ်သင်ပညာရေး ကောလိပ်ကို ပညာရေး တက္ကသိုလ်ပါမောက္ခ ဆရာကြီးဒေါက်တာခင်ဇော်တို့မှလည်း သဘောမကျကြောင်း၊ ဆရာကြီးဒေါက်တာခင်ဇော်က ဤထူးချွန်ထက်မြက်သော ကလေးတို့ကို၊ အဓိကပညာရပ်ဘာသာ သင်ကြားပေး၍ B.Ed ဘွဲ့ပင် ပေးထိုက်ကြောင်း အကြံပြုသည်ဟု ထိုကထိကထံမှပင် သိရပြီး ယခုချိန်ထိ လေးနှစ်သင်ပညာရေးကောလိပ်၏ သင်ရိုးတိတိကျကျ မရှိသေးကြောင်း ပြောပြပါသည်။ ဝန်ကြီးသိစေရန်မှာ ဆရာတော်မှတပည့်ထက်မြက်ရာ ယခုလေးနှစ်သင် ပညာရေးကောလိပ်တို့ကို B.A,B.Sc ရိုးရိုးတို့ထက် အဆင့်မနိမ့်သော ဘာသာရပ်သင်ကြားပေးသင့်ပြီး၊ ကျွန်တော့်တပည့်မလို နစ်နာသူများကို B.Ed သို့ပြောင်းရွှေ့တက်ခွင့်ပြုပါရန် ပြည်သူတဦးအနေနှင့်ကော ပညာရေးဖြတ်သန်းခဲ့သူတဦးအနေဖြင့်ပါ ပြည်သူ့အသံဖော်ထုတ်ပေးသည့် မြန်မာနေရှင်နယ်ပို့စ်မှတဆင့် လေးစားစွာတင်ပြအပ်ပါသည်။

                                             

ကိုဌေး(နတ်မောက်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)