Pages

Pages

ကျောက်ဆည်မြို့နယ်၌ ညောင်ရွှေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တံတား တစ်စင်းဆောက်လုပ်ပေး


MNP - ဧပြီ    ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများနှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် ညောင်ရွှေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvet တံတားတစ်စင်း ဆောက်လုပ်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါတံတားအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၆)သန်းအကုန်အကျခံကာ အရှည်(၅)၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ပုဂံနန်းတော် ဆောက်လုပ်ရေးကုမ္မဏီက တာဝန်ယူဆောက်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။

ညောင်ရွှေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် တံတားဆောက်လုပ်ပေးခြင်းဖြင့် အဆိုပါလမ်းအား အသုံးပြုလျက်ရှိသော ဒေသခံပြည်သူများ၏ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်တော့မည့်အပြင် ညောင်ရွှေ၊ ကြက်လျှာ၊ နေပူရွာတို့မှ အိမ်ထာင်စု (၃၈၆)စုမှ လူဦးရေ(၁၅၉၀)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများလည်း ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment