MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသောဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးကြသည်။
ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ်(ပထမ)အကြိမ်ကို ယမန်နေ့က အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူ(၉၀၀)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
Myanmar National Post
No comments:
Post a Comment