Pages

Pages

ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဧည့်သည်တည်းခိုမှုစာရင်းများ အချိန်နှင့် တပြေးညီ သိရှိနိုင်ရေးအတွက် Guest List Management System-GLMS ကို ဟိုတယ်များအားလုံး လိုက်နာသုံးစွဲကြ စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား



MNP ၊ ဧပြီ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ အဌမအကြိမ်မြောက်သက်တမ်း (၂၀၂၂-၂၀၂၄) ခုနှစ်၏ ပထမအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ပြီး အသင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်ပိုင် မြေယာနှင့် အဆောက်အဦများကို စနစ်တကျ ထိန်းသိမ်းထားရှိကာ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ် ဒေသများနှင့် မိမိတို့၏ ပရဝဏ်နယ်ပယ်များအတွင်း သန့်ရှင်း သာယာလှပပြီး ခရီးသွား ဆွဲဆောင်မှုရှိနေ စေရေးတို့ကို အထူးဂရုစိုက် ဆောင်ရွက်ကြရန်နှင့် ခရီးသွားဧည့်သည်များ ရေရှည်တည်းခို နေထိုင်နိုင်ကြစေရေးအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရန် ပြင်ဆင်ကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် ရသင့်ရထိုက်သော ချေးငွေများနှင့် ငှားရမ်းခများ ဖြေလျော့ပေးခြင်း၊ လိုင်စင်ကြေးများ ကင်းလွတ်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများအား ပုံမှန်ပေးသွင်းကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်လာသည့်အတွက် ဝန်ကြီးဌာနကလည်း ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ လူအချင်းချင်းဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်သည့်အတွက် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသည့် ဒေသအဆင့်၊ အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် Health and Safety Protocol-HSP အသိအမှတ်ပြုလက်မှတ်များ ရယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ဧည့်သည်တည်းခိုမှုစာရင်းများ အချိန်နှင့် တပြေးညီ သိရှိနိုင်ရေးအတွက် Guest List Management System-GLMS ကို ဟိုတယ်များအားလုံး လိုက်နာသုံးစွဲကြ စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင် က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်ဇုန်ပေါင်း (၂၀) အထိ ဖွဲ့စည်းထားရှိပြီး အသင်းသား ၁၆၀၀ ခန့်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့မှု၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အသင်းအနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment