Pages

Pages

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှု မရှိစေရေးအတွက် မြဝတီ-ကော့ကရိတ်-ဘားအံ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းအား ရှာဖွေ စစ်ဆေးပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြောကြား


MNP ၊ မေ ၁၁

ပြည်နယ်၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၂) ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ကျောင်းအုပ်ကြီးများ အနေဖြင့် မိမိတို့၏တာဝန်၊ ဝတ္တရားများနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ဦးစီးဦးဆောင် ပြုနိုင်သူ ဖြစ်ဖို့လိုကြောင်း၊ အဆင့်ဆင့်သောဝန်ထမ်းများ အားလုံးသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဖြစ်ကြောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှု မရှိစေရေးအတွက် မြဝတီ-ကော့ကရိတ်-ဘားအံ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းအား ရှာဖွေ စစ်ဆေးပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတဖြစ်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လူစွမ်းအားအရင်းအဖြစ်များ ပေါင်းစပ်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်ဖို့လိုပြီး အဆိုပါ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်း ကျဆင်းနေပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သန့်ရှင်းသာယာ လှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး အပတ်စဉ်စနေနေ့တိုင်း မြို့ရွာသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် သတ်မှတ် စံချိန်စံနှုန်းများ နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ဖို့လိုပြီး ဘဏ္ဍာရေးနှစ်ကုန်သည်အထိ  စောင့်ဆိုင်းပေးမည် မဟုတ်ဘဲ တင်ဒါပိုလျှံငွေများ အမြန်ဆုံးပြန်အပ်စေလိုကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် အောက်ခြေဝန်ထမ်း သားသမီးများအားလုံး ကျောင်းပြန်တက် နိုင်ရေး ကူညီပေးကြစေလိုပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့် လှစ်ရာတွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲများဆောင်ရွက်၍ အားပေးကြိုဆိုကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ် (၅/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment