ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


MNP ၊ မေ ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့ ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့တွင် ဖွင့်လှစ်သင်ကြားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက စာကြည့်တိုက် ဆိုသည်မှာ လွတ်လပ်စွာ ပညာရှာနိုင်သော တက္ကသိုလ်၊ ပညာဘဏ်တိုက်တစ်ခု (True University is Library) ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလ စာကြည့်တိုက်များမှာ ခေတ်ဟောင်းစာပေ၊ ခေတ်သစ်စာပေများသာမက ခေတ်မီအီလက်ထရောနစ် နည်းပညာကို အသုံးပြုပြီး ဖတ်ရှုနိုင်သည့် အီလက်ထရောနစ် စာအုပ်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို စုဆောင်းထားရှိသည့်အပြင် မိမိအလိုရှိရာ ပညာရပ်များကို လွယ်ကူစွာ ရှာဖွေနိုင်သော ခေတ်မီနည်းစနစ်များနှင့် ချိတ်ဆက်ထားရှိလာကြကြောင်း၊ ထို့အတူ စာကြည့်တိုက်လုပ်ငန်းအနေဖြင့်လည်း သမားရိုးကျ စာကြည့်တိုက်စနစ်မှ ခေတ်မီသတင်းအချက်အလက် နည်းပညာများကိုအသုံးပြုပြီး လျင်မြန်သော အရှိန်အဟုန်ဖြင့် ခေတ်မီလာကြသည့်အပြင် သတင်းအချက်အလက် စုဆောင်းထိန်းသိမ်းခြင်းနှင့် ပညာရပ်ဖြန့်ချိမှုနယ်ပယ် နည်းပညာရပ်များသည်လည်း ကျယ်ပြန့်လာကြောင်း၊ စာကြည့်တိုက်တစ်ခုတည်ထောင်ရန် စာပေပစ္စည်းများကို ကောင်းမွန်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန်အတွက် စာကြည့်တိုက်များ၊ သတင်းအချက်အလက် စင်တာများကို တာဝန်ယူရမည့်သူ၊ ကြီးကြပ်ရမည့်သူ တစ်ဦးအနေဖြင့် စာကြည့်တိုက်ပညာကို စာတွေ့သာမက လက်တွေ့ပါ တတ်မြောက်ထားရန် အရေးကြီးကြောင်း၊ ယခုဖွင့်လှစ်သည့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ဒီပလိုမာသင်တန်းများတွင် အရည်အချင်းမီ အောင်မြင်သူများအနေဖြင့် မဟာဘွဲ့သင်တန်းများသို့ ဆက်လက်ပညာ ဆည်းပူးခွင့်ရစေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဒီပလိုမာ သင်တန်းသားများကို မှာကြားလိုသည်မှာ ယခုသင်တန်းသည် မဟာဘွဲ့/ ပါရဂူဘွဲ့ ရရှိနိုင်သည့် လမ်းကြောင်းကို စတင်ဖောက်ပေးသော သင်တန်းဖြစ်သည့်အပြင် အသက်မွေးဝမ်းကြောင်း ပညာရပ်လည်း ဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ လေ့လာကြရန် တိုက်တွန်းလိုပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် သင်ကြားပေးသော ပညာရပ်များအပြင် ဆရာ ဆရာမများထံမှ အတွေ့အကြုံ ဗဟုသုတများကို လေ့လာမှတ်သားပြီး စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားသည်။

ယခုဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများသို့ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၌ သင်တန်းသား သင်တန်းသူ (၂၈)ဦးနှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ သင်တန်းသား သင်တန်းသူ (၂၆)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ခွဲ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)