Pages

Pages

နိုင်ငံကြီးအချို့၏ မဟာဗျူဟာများမှာ နိုင်ငံငယ်များ၏ မီဒီယာများကို နည်းလမ်း မျိုးစုံဖြင့် ချုပ်ကိုင်လွှမ်းမိုးနိုင်မည့် အစီအမံများ ပါဝင်နေသည့်အတွက် မိမိတို့အားလုံး ဉာဏ်အမြော်အမြင်များ၊ အသိတရားများဖြင့် လုပ်ဆောင်ကြရမည့် အချိန်အခါဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား









MNP ၊ မေ ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာ နိုင်ငံကြီးအချို့၏ မဟာဗျူဟာများမှာ နိုင်ငံငယ်များ၏ မီဒီယာများကို နည်းလမ်း မျိုးစုံဖြင့် ချုပ်ကိုင်လွှမ်းမိုးနိုင်မည့် အစီအမံများ ပါဝင်နေသည့်အတွက် မိမိတို့အားလုံး ဉာဏ်အမြော်အမြင်များ၊ အသိတရားများဖြင့် လုပ်ဆောင်ကြရမည့် အချိန်အခါ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jean Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရုပ်သံကုမ္ပဏီများနှင့် FM ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အနုပညာရှင်များ နှင့် ဖိတ်ကြားထားသူများ၊ ပြန်ကြားရေးဝန်ကြီးဌာန မှ ဝန်ထမ်းများတက်ရောက်ကြသည်။

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများက MRTV Mobile Application မှတ်တမ်း Video Clip ကိုကြည့်ရှု ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ တော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီ ၁ ရက်မှစတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ကိုချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးနှင့် တိုင်းရင်းသား ပြည်သူ များ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းစေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း လုပ်ဆောင်နေကြောင်း။

ထို့အပြင် ယခုနှစ်သည် စိန်ရတုလွတ်လပ်ရေးနေ့၏ အကြိုနှစ်ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ပြီး(၇၅)နှစ်ကာလကြာပြီဖြစ်သည့် လွတ်လပ်ရေး၏ အနှစ်သာရ အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေး၏ အနှစ်သာရများ၊ ငြိမ်းချမ်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၏အရသာများကို တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမ များအပြည့်အဝ မခံစားရသေးခြင်းကြောင့် အပြည့်အဝရရှိခံစားနိုင်စေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည် ထည့်သွင်းပြောကြားလိုပါကြောင်း။

မီဒီယာကဏ္ဍအနေဖြင့်လည်း ပြည်သူများအတွက် ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိစေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ် လူငယ် များဖြစ်စေရေး ပံ့ပိုးပေးရန်၊ စေ့ဆော်တိုက်တွန်းပေးရန် လိုအပ်သလို ကျင့်ဝတ် သိက္ခာ စောင့်ထိန်းပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဦးထိပ်ထားကာ တိုင်းရင်း သား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးရန် လိုအပ် သည်ကိုလည်း ပြောကြားထားပြီးဖြစ်ကြောင်း။

သတင်းအချက်အလက်နည်းပညာ တိုးတက်နေသည့် ယခုလိုအချိန်တွင် သတင်းမီဒီယာများ၏ သက်ရောက်မှုသည် အလွန်ထိရောက်မှုရှိသည့်အတွက် နိုင်ငံကြီးအချို့၏ မဟာဗျူဟာများမှာ နိုင်ငံငယ်များ၏ မီဒီယာများကို နည်းလမ်း မျိုးစုံဖြင့် ချုပ်ကိုင်လွှမ်းမိုးနိုင်မည့် အစီအမံများ ပါဝင်နေသည့်အတွက် မိမိတို့အားလုံး ဉာဏ်အမြော်အမြင်များ၊ အသိတရားများဖြင့် လုပ်ဆောင်ကြရမည့် အချိန်အခါပင် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်မှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် မရှိမဖြစ် ရှိနေရမည် ဖြစ်ပါကြောင်း၊ ထိုသို့ရှိရန်အတွက် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ သည် လွန်စွာအရေးကြီးသည်ဟု ယူဆမိပါကြောင်း။

သို့သော် တစ်ခါတစ်ရံတွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စု များက မီဒီယာများကို လွှမ်းမိုးခြယ်လှယ်ကြသည့်အခါ ပြည်သူလူထု၏ သဘောထား ခံစားချက်များ၊ နစ်နာချက်များသည် ဖော်ထုတ်နိုင်မှု လုံးဝမရှိတော့ဘဲ လျစ်လျူရှု ခံရသည့် အခြေအနေကို ရောက်မှန်းမသိ ရောက်ခဲ့ရပါကြောင်း၊ အဆိုးဆုံးမှာ ပဋိပက္ခ များ၊ သဘောထားကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင် ရာလေပင့်တိုက်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေကြပါကြောင်း၊ ထိုသို့အခြေအနေမျိုးကို ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် အများအပြားတွေ့မြင်နေကြရပါကြောင်း။

ယနေ့ အခြေအနေသည် မိမိတို့၏ လူ့အဖွဲ့အစည်းအားလုံးကို မီဒီယာက နည်းမျိုးစုံဖြင့် လွှမ်းမိုးထားချိန်ဖြစ်သည့်အတွက် မိမိတို့၏ မီဒီယာလုပ်ငန်းအားလုံး ကို စွမ်းအားပြည့်အောင်၊ စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ပေးရန် လိုအပ်နေပြီဟု တိုက်တွန်းပြောကြားလိုပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အနေဖြင့်လည်း ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင်ရန်ကုန်ရေဒီယို (Rangoon Radio) အမည်မှ ဗမာအသံ(Burma Broadcasting Service– BBS) အမည်ပြောင်းလဲသတ်မှတ်ခဲ့ သည့် “ဗမာအသံနေ့” ကို မူတည်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(Myanma Radio and Television–MRTV) အမည်သို့ ပြောင်းလဲလာခဲ့မှုနှင့်အတူ ခေတ်အဆက် ဆက်တွင် သတင်းအချက်အလက် ပြန်ကြားပေးခြင်း၊ အသိပညာမျှဝေပေးခြင်း၊ ဖျော်ဖြေပေးခြင်းဆိုသည့် ရည်မှန်းချက်(၃)ရပ်ချမှတ်ပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ယနေ့အချိန်အခါမှာလည်း ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ် ပညာများနှင့်အညီ သတင်းနှင့်အစီအစဉ်များ အရည်အသွေး ပိုမိုကောင်းမွန်စေရန် နှင့် ပြည်သူလူထုကို မီဒီယာဖြင့်အကျိုးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ နုပျိုသစ်လွင်ပြီး လန်းဆန်းတက်ကြွသည့် တင်ဆက်မှုပုံစံကိုလည်း ပြောင်းလဲဆောင်ရွက်နေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်မှ စတင်ပြီး မိုဘိုင်း ဖုန်းများ အသုံးပြုမှု များပြားလာသည်နှင့်အတူ အင်တာနက်အသုံးပြုပြီး သတင်းရယူ မှုပုံစံလည်း လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခြင်းကြောင့် Social Media Platform များအသုံးပြုပြီး သတင်းမီဒီယာ ဖြန့်ချိခြင်းသည်လည်း လွန်စွာအရေးပါ လာသည်ကို တွေ့မြင်ကြမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် MRTV အနေဖြင့် ၂၀၁၃ ခုနှစ်ကစပြီး MRTV Application ကို အသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် Android Application အဖြစ်သာ ယာယီအသုံးပြုနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းကို ထုတ်လွှင့်နိုင်ခြင်း မရှိခဲ့သည်ကို သိရှိရပါကြောင်း၊ အခုအခါတွင် HD ရုပ်သံလိုင်းများနည်းတူ ဆက်သွယ် ရေးနည်းပညာများ အသုံးပြုပြီး MRTV Media Application ကို ဆောင်ရွက် ထားခြင်း ဖြစ်သည့်အတွက် Android နှင့် iOS ဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် Laptop, Desktop, iPad, Note Pad အားလုံးတွင်လည်း ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ Website တွင်လည်း MRTV ၏အစီအစဉ်များကို အချိန် နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း။

MRTV App ကို ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိသည့် Mobile ဝန်ဆောင် မှုပေးနေသော နိုင်ငံတကာဂြိုဟ်တု ( ၄ ) လုံးကို ငှားရမ်း အသုံးပြုပြီး ထုတ်လွှင့်ပေး ခြင်းဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင်ရှိနေသည့် မြန်မာသံရုံး(၄၆)ရုံးက ကြည့်ရှု နိုင်ပြီဖြစ်သကဲ့သို့ နိုင်ငံပေါင်း(၁၈၁)နိုင်ငံမှ ကြည့်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက် နေသည်ဟု သိရပါကြောင်း။

ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာဘာသာနှင့်သာမကဘဲ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီစသည့် နိုင်ငံတကာ ဘာသာစကား( ၅ ) မျိုးဖြင့် ထုတ်လွှင့်ပေးမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်၏ ပကတိ အခြေအနေမှန်များကို တိုင်းရင်းသားပြည်သူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာကိုလည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိပျံ့နှံ့ သွားမည် ဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်မှုကြောင့် MRTV အနေဖြင့် ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့သကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် ပညာရပ်များနှင့် အညီ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သောကြောင့် သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော် အစိုးရ တာဝန်အရပ်ရပ်ကို ဆောင်ရွက်နေချိန်ကာလအတွင်း၌ ထူးခြားတိုးတက် ကောင်းမွန်ပြီး သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်တစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။

မီဒီယာများအနေဖြင့်လည်း ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည်သူလူထုကို သတင်းအချက်အလက်များ မှန်မှန်ကန်ကန်ရရှိအောင် ဆောင်ရွက်ပေးကြခြင်းဖြင့် ပြည်သူ့အကျိုးပြုမီဒီယာများဖြစ်အောင် ရပ်တည်ဆောင်ရွက်ပေးကြရန် အသိပေး တိုက်တွန်း လိုပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့်လည်း မြန်မာနှစ်ဆန်း အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အကျိုးကို လက်တွဲဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က MRTV App & Web ဆောင်ရွက်မှုအပါအဝင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ MRTV Media Application ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ပေးအပ်သည်။

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။ အခမ်းအနား အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web အသုံးပြုမှုကိုကြည့်ရှုခဲ့ကြသည်။

MRTV Media Application မှတစ်ဆင့် Breaking News၊ BusinessNews၊ Community News၊ Daily News စသည့် သတင်းကဏ္ဍများအပြင် Documentary ၊ Education ၊ Entertainment၊ Farming ၊ Myanmar Culture၊ Sports စသည့် ရုပ်သံမှတ်တမ်းနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်သည့် Sector (၁၁)ခုဖြင့် ဖွဲ့စည်းထားသည့်အပြင် MRTV HD Channel ကိုလည်း Live Stream ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ MRTV App ကိုလက်ကိုင်ဖုန်းများအပြင် Laptop၊ Desktop ၊ ipad ၊ Note Pad များတွင် ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ www.mrtvmedia.com တွင်လည်း MRTV ၏ အစီအစဉ်များကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment