MNP - မေ ၁၀
ပရိဘောဂစေတီထိုက်သော ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရှင်သန်လန်းဆန်းစေရန် ရည်မှန်းပြီး ကဆုန်လပြည့်နေ့ရောက်တိုင်း ညောင်ရေသွန်းလောင်းခြင်း ဓလေ့ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့က ရိုးရာမပျက် အစဉ်အဆက် ပူဇော်သွန်းလောင်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကြည်ညို သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် သမိုင်းဝင်ကျိုက္ကလော့ စေတီတော် မြတ်ကြီး၏ ဗောဓိညောင်ပင်တွင်လည်း (၁၃၈၄ခုနှစ် ကဆုန်လပြည့်နေ့) ၂၀၂၂ခုနှစ် မေလ (၁၄)ရက်နေ့၌ (၆၀)ကြိမ်မြောက် ဗောဓိပူဇာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ(၁၄)ရက်နေ့၌ ဘုရားကြီးအာရုဏ်ခံ တန်ဆောင်းတွင် ဆရာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်း၍ တရားတော်များ နာယူပြီးနောက် အများပြည်သူတို့က နံနက် ၆နာရီမှစတင်ကာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ကြောင်းနှင့် အလှူရှင်များမှလည်း စတုဒီသာထမင်းများဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
သတင်း - ဆုလှိုင်
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment