Pages

Pages

KNU ၊ KIA ၊ KNPP နယ်မြေတွေမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF ၊ CRPH တို့နဲ့ ဆက်နွယ်နေပြီး ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေနဲ့ ဆက်နွယ်နေတာကို သိရှိထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောပြီ



MNP ၊ မေ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာ KNU ၊ KIA ၊ KNPP နယ်မြေတွေမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF ၊ CRPH တို့နဲ့ ဆက်နွယ်နေပြီး ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေနဲ့ ဆက်နွယ်နေတာကို သိရှိထားကြောင်း ထည့်သွင်းပြောကြားသွားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာ၌ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ဧပြီ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် စိန်ရတုပြည်ထောင်စုနေ့ ကျရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ်ရေးနေ့ ကျရောက်မည် ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ပြည်သူများအားလုံး ငြိမ်းချမ်းမှုအရသာ၊ ဒီမိုကရေစီ၏အနှစ်သာရ ကိုအပြည့်အဝမခံစားရသေးကြောင်း၊ သဘောထားကွဲလွဲမှုအမျိုးမျိုးကြောင့် ပဋိပက္ခ များဖြစ်ပေါ်ခဲ့ပြီး အဆိုပါပဋိပက္ခများကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့်ဖြေရှင်းရန် မိမိအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတို့တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် သက်ဆိုင် ရာအဖွဲ့အစည်းများကလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ကန့်သတ်ချက်ရှိမှုများကြောင့် ထိုက်သင့် သလောက်တိုးတက်မှုများမရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ အချို့ EAO များအနေဖြင့် ၎င်းတို့နယ်မြေတွင် ရောက်ရှိနေ သော PDF အကြမ်းဖက် သမားများကြောင့်လည်း အခက်အခဲတစ်ချို့ဖြစ်ပေါ်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် ကိုယ်တိုင်ဖိတ်ခေါ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ဆုံရန်ဆောင်ရွက်ရာတွင်လည်း အမြန်ဆုံးတွေ့ဆုံနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များအလိုက် တိုတောင်းသည့် ကာလ အတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်နိုင်ရန်နှစ်ဦးတို့ကို မိမိနှင့် သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာဆွေးနွေး နိုင်ရန်အတွက် ထိုသို့ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးမှုကြောင့် ရသင့်သည့် အဖြေတစ်ခုရရှိလာမည်ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရာတွင်လည်း နှစ်ဖက်ညှိနှိုင်းမှုများပြုလုပ်၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီ၏ အနှစ်သာရကိုပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိစေရေး နှစ်ဖက်မျှတမှုရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာနိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့် လွတ်လပ်မှု၏အရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရကိုခံစားနိုင်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူများမှ ပေါက်ဖွားလာခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့် အစိုးရစနစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသား နယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် အခွင့်အာဏာများခွဲဝေခံစားခြင်း၊ မျှဝေခံစားခြင်းများရရှိစေရန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကိုသွားရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေး မဆုံးရှုံးမီအချိန်အထိ ဘုရင့် နိုင်ငံအဖြစ်တည်ရှိခဲ့ကြောင်း၊ ကျယ်ပြန့်သောနိုင်ငံတော် အဖြစ် တည်ထောင်ခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တို့၏ ခေတ်သုံးခေတ်ရှိကြောင်း၊ အဆိုပါခေတ်သုံးခေတ်တွင် မိမိတို့နိုင်ငံ၏ နယ်နိမိတ်သည် ယခုထက် ပိုမိုကျယ်ဝန်းကြောင်း၊ သို့သော်နယ်ချဲ့လက်အောက်ကျရောက်ခဲ့ချိန်တွင် နယ်နိမိတ်များ ပြန်လည်ဆုံးရှုံးခဲ့ကြောင်း၊ ဘုရင်ခေတ်တွင် အုပ်ချုပ်မှုနယ်ပယ်များ အလိုက် အဆင့်ဆင့်အုပ်ချုပ်ခဲ့ကြပြီး တစ်နိုင်ငံလုံးကို ဘုရင့်ဩဇာ သက်ရောက်မှု ရှိသည်ကို သမိုင်းများအရသိရှိရကြောင်း၊ နယ်ချဲ့များအုပ်ချုပ်ခဲ့ချိန်တွင်လည်း ပြည်မ ဒေသကို တိုက်ရိုက်အုပ်ချုပ်၍ တောင်တန်းဒေသများကို ပုံစံတစ်မျိုးဖြင့်ခွဲခြား၍ အုပ်ချုပ်ခဲ့သော်လည်း အုပ်ချုပ်မှုအားလုံးသည် နယ်ချဲ့အစိုးရလက်အောက်တွင် သာရှိကြောင်း၊ မြန်မာပြည်လွတ်လပ်ရေးရရှိရန် ကြိုးပမ်းချိန်တွင် နယ်ချဲ့များက တောင်တန်းဒေသနှင့်ပြည်မခွဲ၍ လွပ်လပ်ရေးပေးရန်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် တောင်တန်းဒေသမှ စော်ဘွားများက လက်ခံမှုမရှိခြင်းကြောင့် ပင်လုံအစည်းအဝေး ကျင်းပ၍ ပင်လုံစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်၍ တစုတစည်းတည်းသော ပြည်ထောင်စုအဖြစ် နိုင်ငံလွတ်လပ်ရေးကိုရရှိအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ် စနစ်စသည့် ဖွဲ့စည်းအုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့မှုများရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့် အာဏာများကို ခွဲဝေထားပြီးဖြစ်သဖြင့် ဖက်ဒရယ်စနစ်သဘောတရားများ အတိုင်းသာ ရေးဆွဲထားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင် များနှင့်အတူ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၂ ဦးကိုပါ ဖိတ်ခေါ်ထားပါကြောင်း၊ လက်ရှိအချိန်ထိ အကြောင်းပြန်ခဲ့သည်မှာ NCA လက်မှတ် ရေးထိုးပြီးသည့်အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် အဖွဲ့ ၃ ဖွဲ့ လာရောက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊

တွေ့ဆုံ ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်နိုင်ရေး ဖိတ်ကြားခြင်းဖြစ်သော်လည်း အချို့သောအဖွဲ့များမှ ဥက္ကဋ္ဌများ ကျန်းမာရေးဆိုင်ရာအခက်အခဲများရှိခြင်းကြောင့် ဥက္ကဋ္ဌကိုယ်စား ပြုသူများကို စေလွှတ်ခြင်းများရှိကြောင်း၊ ၎င်းတို့အနေဖြင့် အာမခံချက်များ ရှိရန်လိုပါကြောင်း၊ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထိရောက်သည့် အဖြေတစ်ခုထွက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ EAO များ၏အလိုဆန္ဒများ၊ တိုင်းပြည်၏အလိုဆန္ဒများဖြင့် နှစ်ဖက် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များနှင့် ပတ်သက်၍လည်း ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ကိုကောင်စီအစည်းအဝေး၌ ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုပြောကြားနေခြင်းသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်ပင်နေခြင်းသာဖြစ်ပြီး ထပ်မံ၍လည်း သီးသန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း။


ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့က ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုင်ရာအခွင့်အရေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့အဝင်ဂိတ်များတွင် လက်နက် ခဲယမ်း စစ်ဆေးနိုင်သည့် စက်ကရိယာများတပ်ဆင်ပေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ကျန်ရှိနေသည့် EAO များအား ဆွေးနွေးပွဲတက်ရောက်နိုင်ရန် ငြိမ်းချမ်းရေးလမ်းကြောင်း ဆက်လက်ဖွင့်လှစ်ပေးထားရေး၊ ဒီဂျစ်တယ် ငွေကြေးစနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရေး၊ ပြည်တွင်း စားသုံးမှုကို မထိခိုက်စေရန် ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုများ ထိန်းချုပ်၍ ပြည်ပမှ မျိုးသန့်အသားစားနွားများ မွေးမြူနိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့် EAO များအား အသိအမှတ်ပြု ကြိုဆိုနိုင်ရေး၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ရသင့်ရထိုက်သူများ မကျန်ရှိစေရေး စိစစ်ဆောင်ရွက်ပေးရေး၊ မြေယာစီမံခန့်ခွဲမှုများ၌ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရေး၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးရေး၊ ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် အခြေခံကျန်းမာရေးသင်တန်းကျောင်း ဖွင့်လှစ်ပေးရေး၊ ချင်းပြည်နယ်တွင် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်နိုင်ရန် စီမံ ဆောင်ရွက်ပေးရေး၊ အချို့လေကြောင်းလိုင်းများတွင် ကိုဗစ် - ၁၉ ရောဂါစစ်ဆေး ဆောင်ရွက်မှုများကို စည်းမျည်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ မြေယာကိစ္စ များတွင် ဝန်ထမ်းအချို့ မသမာမှုများရှိနေသည့် အတွက် စိစစ်ဖော်ထုတ် အရေးယူရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ “ခုနက ကျွန်တော်တို့ ဆွေးနွေးတဲ့အချိန်မှာ အုပ်စု နှစ်ခု ကျွန်တော်တို့ တွေ့ပါတယ်။ တစ်ခုက တော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဒုတိယကတော့ NCA လက်မှတ် ရေးထိုး ထားခြင်းမပြုရသေးတဲ့အဖွဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲမှာ ၇ ဖွဲ့တက်ဖို့ ရှိပါတယ်။ လက်မှတ်ရေးထိုးထားခြင်း မပြုရသေးတဲ့အဖွဲ့ထဲမှာ ၃ ဖွဲ့တက်ပါမယ်။ လက်မှတ်ရေးထိုးပြီးတော့မှ အကြောင်းပြပြီး မတက်တဲ့အဖွဲ့ ၃ ဖွဲ့ရှိပါတယ်။ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့ထဲက မတက်ဘူးလို့ ကြေညာထားတာ ၃ ဖွဲ့ ရှိပါတယ်။ ဒီမှာ မူလက တက်မယ်လို့ ဆန္ဒရှိနေပြီးတော့မှ လာမတက်ဘူးဆိုပြီး တော့ ဆုံးဖြတ်ချက်ချခဲ့တာ KNU အဖွဲ့ဖြစ်ပါတယ်။ KNU ရယ် နောက်တစ်ခါ KIA ရယ်၊ KNPP ကတော့ အဲ့ဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့က ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက် ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရှိ ရပါတယ် ဟု ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment