မြန်မာ့အာမခံမှရောင်းချသည့် သူတစ်ပါးထိခိုက်မှုအာမခံကို Mobile Application အသုံးပြု၍ ဝယ်ယူနိုင်သည့်ဝန်ဆောင်မှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့အာမခံမှရောင်းချသည့် သူတစ်ပါးထိခိုက်မှုအာမခံကို Mobile Application အသုံးပြု၍ ဝယ်ယူနိုင်သည့်ဝန်ဆောင်မှု


ပြည့်ဖြိုးအောင် (စီမံ/ဘဏ္ဍာ‌)


မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းနယ်ပယ် (Insurance Industry) တွင် နိုင်ငံပိုင်မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကအာမခံကုမ္ပဏီ ၂၅ ခုတို့က အာမခံအမျိုးအစား များစွာကို ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက် ရှိသော အာမခံအမျိုးအစားများကို Website၊ Mobile Application များမှတစ်ဆင့် MPU ကတ်အား အသုံးပြု၍ အွန်လိုင်းမှ ငွေပေးချေဝယ်ယူ ခြင်း (Online Payment)၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ‌QR Code အသုံးပြု၍ ငွေပေးချေဝယ်ယူခြင်း (Mobile Payment) အစရှိသည့်စနစ်များဖြင့် စတင် ဝယ်ယူနိုင်သည့် မိတ်ဆက်ပွဲအခမ်း အနားကို ၈-၇-၂၀၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လုပ်ငန်းနယ်ပယ်/ ကဏ္ဍမျိုးစုံတွင် အိုင်စီတီနည်းပညာကို တွင်တွင်ကျယ်ကျယ် အကျိုးရှိရှိ အသုံးပြု၍ အများပြည်သူ ပိုမိုအဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှုပေးလျက်ရှိကြရာ မိမိတို့နိုင်ငံသည်လည်း ခေတ်နှင့်အမီ လိုက်ပါနိုင်အောင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့မှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြပါသည်။

ယခုအခါ မြန်မာ့အာမခံလုပ်ငန်း၏ အွန်လိုင်းစနစ်ဖြင့် အာမခံဝန်ဆောင်မှုများအား စတင် လုပ်ဆောင်မှုသည် အများပြည်သူနှင့် ထိတွေ့၍ ဝန်ဆောင်မှုပေးလျက်ရှိသော အခြားလုပ်ငန်း အဖွဲ့အစည်းများစွာကို ၎င်းတို့၏ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမို အဆင်ပြေ လွယ်ကူ ချောမွေ့စေရေးအတွက် အိုင်စီတီ နည်းပညာဖြင့် စဉ်းစားတွေးတော ကြံဆ၍ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲရေးစီမံချက်များ ချမှတ်ကာ လုပ်ဆောင်ကြရန် လိုအပ်လျက်ရှိသည်ကို မီးမောင်း ထိုးပြရာလည်း ရောက်ပါသည်။ ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေစဉ် အတွင်းမှာလည်း အိုင်စီတီနည်းပညာသုံး လုပ်ငန်း အဖွဲ့အစည်း များသည် အခက်အခဲကြီးကြီးမားမား မတွေ့ရှိဘဲ စဉ်ဆက်မပြတ် လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်သွားကြသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး နည်းပညာ၏ အကျိုးကျေးဇူးများကို မြင်တွေ့ရမည် ဖြစ်ပါသည်။


နည်းပညာသုံးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ခုဆီသို့

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန် ကြီးကြပ်မှုနှင့်အတူ မြန်မာ့အာမခံ လုပ်ငန်းသည် အာမခံအမျိုး အစားများစွာကို အခြားကုမ္ပဏီများ နည်းတူ အများပြည်သူ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရေးကို ရည်ရွယ်၍ အာမခံလုပ်ငန်းစနစ်များ စုစည်းမြှင့်တင်ခြင်းစီမံကိန်း (Integrated Insurance Solution Project) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းကာလကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာ သတ်မှတ်ထားပြီး လုပ်‌ဆောင်ခဲ့ရာ ယခုအခါ ရုပ်လုံးပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါသည်။ စီမံကိန်း ကာလ ပထမနှစ် ပြီးမြောက်ချိန်တွင် သူတစ်ပါး ထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံအမျိုးအစား နှစ်မျိုးကို မြန်မာ့အာမခံလုပ်ငန်း ဝက်ဘ်ဆိုက် (Website) နှင့် Mobile Application များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှု အာမခံ ပရီမီယံကြေး ပေးသွင်းခြင်းကို ၁-၇-၂၀၂၁ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ရုံး (မြင်သာ) ၌ စတင်နိုင်ခဲ့ပြီး ၁-၁၀-၂၀၂၁ ရက်နေ့တွင် မြန်မာ့ အာမခံလုပ်ငန်း (ရုံးချုပ်) ၌ စတင်နိုင်ခဲ့ပါသည်။

သို့ဖြစ်၍ အာမခံအမျိုးအစားများအား ဝယ်ယူလိုသည့် အများပြည်သူအနေဖြင့် မိမိတို့ ရွေးချယ် ဝယ်ယူလိုသော အာမခံအမျိုးအစားများကို ပိုမို၍ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်စေရန်နှင့် ယခု ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာမခံ ထားရှိသူများအနေဖြင့်လည်း  လူကိုယ်တိုင် သွားရောက်၍ ပရီမီယံကြေးများကို ပေးသွင်းရန် မလိုအပ်တော့ဘဲ Online / Mobile Payment များဖြင့် ပေးသွင်းနိုင်မည်ဖြစ်ပါသည်။ သူတစ်ပါး ထိခိုက်မှု အာမခံပရီမီယံကြေးကို အချိန်၊ နေရာ မရွေး ပေးသွင်းနိုင်ရန်အတွက် KBZ Pay၊ CB Pay၊ OK$ အစရှိသည့် Mobile Application များကို အသုံးပြု၍ဖြစ်စေ၊ မည်သည့် MPU Card ကို အသုံးပြု၍ဖြစ်စေ Online Payment ဖြင့် ငွေပေးသွင်း နိုင်ရန် မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

မြန်မာ့အာမခံလုပ်ငန်းကို စတင်တည်ထောင်ခဲ့စဉ်ကတည်းက ဝန်ထမ်းအင်အားဖြင့် လူသား အသုံးပြုစနစ် (Manual System) ကိုသာ အသုံးပြုလျက် အများပြည်သူကို ဝန်ဆောင်မှု ပေးခဲ့ရာမှ ယခုအခါ ပြောင်းလဲ တိုးတက်လာသည့် အိုင်စီတီ နည်းပညာသုံးစနစ် (ICT System) ကို ထိထိရောက် ရောက်အသုံးချကာ အာမခံဝန်ဆောင်မှုများကို အလွယ်တကူ အွန်လိုင်းမှ တစ်ဆင့် အာမခံအမျိုး အစားများအားလုံးကို ဝယ်ယူခြင်း၊ ငွေပေးချေခြင်းကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချိတ်ဆက် လုပ်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲမှုကြောင့် ယခင်က မြန်မာ့အာမခံလုပ်ငန်း ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍ အာမခံပရီမီယံ ကြေးပေးသွင်းခြင်းကို ဆောင်ရွက်ရခြင်းများ နောင်တွင် မရှိနိုင်တော့ပါ။


အွန်လိုင်းမှ လွယ်ကူစွာဝယ်ယူနိုင်ရန် သိရှိထားသင့်သည်များ

ပထမဦးစွာ အွန်လိုင်းမှတစ်ဆင့် မြန်မာ့အာမခံ လုပ်ငန်း၏ Mobile Application များကို Apple Store (သို့မဟုတ်) Google Play Store တို့မှ မိမိ၏ ဖုန်းထဲသို့ Download ရယူထားရမည် ဖြစ်ပါသည်။

ငွေပေးချေမှုပြုလုပ်ရာတွင် MPU ကတ်ကိုင်ဆောင် ထားသူများအနေဖြင့် မည်သည့်ဘဏ်များ နှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်သည်ဟု သိရှိရပြီး KBZ Pay၊ CB Pay၊ OK$ အစရှိသည့် Mobile Application များဖြင့်လည်း အလွယ်တကူ ငွေပေးချေမှုများ လုပ်‌‌ဆောင်နိုင်ကြောင်း သိရှိရပါသည်။ လုပ်ဆောင်မှု ဆိုင်ရာ နည်းလမ်းများကို မြန်မာ့အာမခံလုပ်ငန်း၏ ဝက်ဘ်ဆိုက် (Website) စာမျက်နှာနှင့် Facebook Page များတွင်လည်း အသေးစိတ် ကြည့်ရှုလေ့လာ နိုင်ပါသည်။

သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံကြေးပေး ဆောင်သူသည် ယခင်က မြန်မာ့အာမခံလုပ်ငန်းမှ ထုတ်ပေးထား သည့် အာမခံစာအုပ် (အစိမ်း‌ရောင်) ကို တရားဝင်ပြန်လည်ပေးအပ်၍ QR Code ပါရှိသည့် စာရွက်နှစ်ရွက် (Third Party Premium Insurance Certificate) ကို လက်ခံရရှိမည် ဖြစ်ပါ သည်။ စာရွက်များ၏ ဘယ်ဘက်ထောင့်တွင် “For RTA” နှင့် “For Owner” ဟူ၍ ပါရှိမည်ဖြစ်ပြီး “For RTA” ဆိုသည်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) သို့ ပေးအပ်ရန်ဖြစ်ပြီး “For Owner” ဆိုသည်မှာ မော်တော်ယာဉ်ပိုင်ရှင် သိမ်းဆည်းထားရန် ဖြစ်ပါသည်။ အကယ်၍ စာရွက် ပျောက်ပျက်သွားခဲ့လျှင်ပင် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် (Owner Book) ကိုသာ ယူဆောင်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)သို့ သွားရောက်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပရီမီယံကြေးပေးဆောင်ထားသည့် အချက်အလက် (Data) များသည် အွန်လိုင်းမှတစ်ဆင့် ကွန်ပျူတာစနစ်ထဲသို့ ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။ မိမိအိမ်၌ အွန်လိုင်း(Online) မှတစ်ဆင့် ပေးဆောင်မည်ဆိုပါကလည်း ပေးဆောင်ပြီးကြောင်း အထောက်အထားအား Print ထုတ်၍ လည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းဖြင့် ဖုန်းထဲတွင် သိမ်းဆည်း၍ လည်းကောင်း ယူဆောင်သွားရန်သာ လိုအပ်ပါသည်။

သူတစ်ပါးထိခိုက်မှုအာမခံကို Online မှတစ်ဆင့် ဝယ်ယူရာတွင် QR Code ကို အသုံးပြု၍ အာမခံ ပရီမီယံကြေး ပေးသွင်းခြင်းနှင့် MPU ကတ်ကို အသုံးပြု၍ အာမခံပရီမီယံကြေး ပေးသွင်းခြင်းဟူသည့် ရွေးချယ်မှုပုံစံ နှစ်မျိုးဖြင့် အာမခံဝန်ဆောင်မှုကို ရယူဆောင်ရွက်နိုင်သည် ဖြစ်ရာ မြန်မာ့အာမခံ လုပ်ငန်း၏ Mobile Application ကို အသုံးပြု၍ လည်း အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။


QR Code ကို အသုံးပြု၍ အာမခံပရီမီယံကြေးပေးသွင်းခြင်း

သူတစ်ပါးထိခိုက်မှု အာမခံအမျိုးအစားအား ဝယ်ယူရန်အတွက် မြန်မာ့အာမခံလုပ်ငန်း မိုဘိုင်း အက်ပလီကေးရှင်း၏ “အာမခံဝယ်ယူရန်”ကို ရွေးချယ်၍ သူတစ်ပါးထိခိုက်မှုအာမခံတွင် မိမိ၏ မော်တော် ယာဉ်အမှတ်ကို ထည့်သွင်းရှာဖွေရမည်ဖြစ်ပြီး ဝယ်ယူလိုသည့်မော်တော်ယာဉ်၏ အချက်အလက်များကို ပထမဦးစွာ တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်သည်။ ထို့နောက် ငွေပေးသွင်းရန်အတွက် ငွေပေးချေမှုအမျိုးအစားကို ရှာဖွေ၍ အာမခံဝယ်ယူရန် အချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပါက ဝယ်ယူရန် အတည်ပြုရပါမည်။ အာမခံပရီမီယံကြေး ပေးသွင်းရန်သေချာပါက “Yes” Button ကို ‌ရွေးချယ်ရမည်ဖြစ်ပါသည်။ QR Code အား Scan ဖတ်နိုင်ရန်အတွက် Save QR ဖြင့် မိမိဖုန်းထဲသို့ သိမ်းဆည်း ရပါမည်။ ထို့နောက် KBZ Pay၊ CB Pay ၊ OK$ Application ထဲသို့ ဝင်‌ရောက်၍ ယခု QR Code အား Scan ဖတ်ပြီး အာမခံပရီမီယံကြေးပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါလုပ်ဆောင်မှုများသည် QR Code ကို အသုံးပြု၍ အာမခံပရီမီယံကြေး ပေးသွင်းခြင်း အတွက် သိရှိထားရမည့် အချက်များ ဖြစ်ပါသည်။


MPU ကတ်ကို အသုံးပြု၍ အာမခံပရီမီယံကြေးပေးသွင်းခြင်း

မြန်မာ့အာမခံလုပ်ငန်းဝက်ဘ်ဆိုက် (www.mminsurance.gov.mm) ရှိ “Buy Online” ကို ရွေးချယ်၍ သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ဝယ်ယူမှု၌ ကနဦးအနေဖြင့် အထက်ပါအတိုင်း တူညီစွာဖြင့် သူတစ်ပါး ထိခိုက်မှု အာမခံအမျိုးအစားအား ဝယ်ယူနိုင်ရန်အတွက် ဝယ်ယူလိုသည့် မော်တော်ယာဉ်အမှတ်ကို ထည့်သွင်း ရှာဖွေရမည်ဖြစ်ပြီး မော်တော်ယာဉ်၏ အချက်အလက်များကို အတည်ပြု စစ်ဆေးကာ မှန်ကန်ပါက ငွေပေးချေ နိုင်ရန် ငွေပေးချေမှုအမျိုးအစားကို ရှာဖွေရပါမည်။ ထို့နောက် အာမခံဝယ်ယူရန် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက ဝယ်ယူရန် ဆက်လက် လုပ်ဆောင်ရပါမည်။ အာမခံပရီမီယံကြေး ပေးသွင်းရန် သေချာပါက “Yes” Button ကို ရွေးချယ်၍ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။ MPU ကတ် ဖြင့် ငွေပေးချေနိုင်ရန်အတွက် ကတ်အမှတ် (Card Number)၊ ကုန်ဆုံးမည့်နေ့ရက် (Exp Date) နှင့် လျှို့ဝှက်နံပါတ် (One-time-Password-OTP) တို့ကို ထည့်သွင်းရမည်ဖြစ်ပြီး ငွေပေးသွင်းမှု အောင်မြင်စေရန် “Confirm Payment” ကို ရွေးချယ်ရမည်ဖြစ်သည်။ Payment Status တွင် Approve ဖြစ်လျှင် “Continue” Button ကို ‌ရွေးချယ်ပါက အာမခံပရီမီယံကြေးပေးသွင်းခြင်း လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါသည်။


ရရှိလာသည့် အကျိုးကျေးဇူးများ

မြန်မာ့အာမခံလုပ်ငန်း၏ ပြုပြင်ပြောင်းလဲမှုမှ သည် အများပြည်သူအတွက်၊ နိုင်ငံတော်အတွက်၊ အဖွဲ့အစည်း အတွက် အကျိုးကျေးဇူးမြောက်မြားစွာ ရရှိလာမည်ကို မြင်တွေ့ရမည်ဟု ယုံကြည်မိပါသည်။ နိုင်ငံတော်အတွက် ဆိုရလျှင် လုပ်ငန်းနယ်ပယ်တစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ ဝင်ငွေ တိုးတက်ရရှိစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးနိုင်စေခြင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ ဈေးကွက်စီးပွားရေးအတွင်း ‌ကောင်းမွန်သောယှဉ်ပြိုင်မှုကို ဖန်တီးပေးခြင်း၊ အဆိုပါ လုပ်ငန်းနယ်ပယ်နှင့် စပ်ဆက်သည့် အခြားသော လုပ်ငန်းနယ်ပယ်များနှင့် စီးပွားရေးလုပ်ငန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အထောက်အကူပြုနိုင်ခြင်း အစရှိသည့် အကျိုး ကျေးဇူးများကို ရရှိစေနိုင်ပါသည်။

အများပြည်သူအတွက်ဆိုရလျှင် ဥပမာအားဖြင့် ယခင်က မော်တော်ယာဉ်တစ်စီး သက်တမ်း တိုးမည်ဆိုပါက အာမခံပရီမီယံကြေး ပေးဆောင်နိုင်ရန် သွားရောက်ရခြင်း၊ တန်းစီရခြင်း၊ အာမခံပရီမီယံကြေး ပေးဆောင်ရမည့် အချက်အလက်များကို တန်းစီ၍ ဖြည့်စွက်ရခြင်း အစရှိသည်တို့ကြောင့် မလိုလားအပ်သည့် အချိန်ကုန်၊ လူပင်ပန်းရသည့်ဖြစ်စဉ်များ ရှိခဲ့ပါသည်။ ယခုအခါ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) သို့ မသွားရောက်မီ ရက်ပေါင်း ၉၀ (သုံးလ)အတွင်း ပေးသွင်း၍ ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အွန်လိုင်း စနစ်ဖြင့် ပြောင်းလဲလိုက်မှုကြောင့် မိမိတို့နေအိမ်မှ ဖြစ်စေ/ ရောက်ရှိသည့်နေရာဒေသများတွင် ဖြစ်စေ အင်တာနက်အသုံးပြု၍ မိုဘိုင်းဖုန်းမှတစ်ဆင့် အလွယ်တကူ ငွေပေးသွင်းနိုင်ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လူများစွာနှင့် ထိတွေ့ဆက်ဆံနေရမှု ကိုလည်း လျော့နည်းသွားစေမည် ဖြစ်သည့်အတွက် ရောဂါကူးစက်မှုများကိုလည်း တစ်ဖက်တစ်လမ်းမှ လျော့ပါးစေရန် အထောက်အကူပြုစေမည် ဖြစ်ပါသည်။

နိုင်ငံတော်နှင့် မြန်မာ့အာမခံလုပ်ငန်း အဖွဲ့အစည်းအနေဖြင့်လည်း စာရွက်စာတမ်းများစွာအား စိစစ်ရခြင်း၊ ရုံးခန်း/ အဆောက်အဦအသုံးစရိတ်များ၊ ဝန်ထမ်းများစွာမှ အများပြည်သူအား အချိန် ကြာမြင့်စွာ ထိတွေ့ဝန်ဆောင်မှုပေး လုပ်ဆောင်ရခြင်းနှင့် ကုန်ကျစရိတ်များ သုံးစွဲလုပ်‌ဆောင် နေရမှုများကို လျော့နည်း သွားစေမည် ဖြစ်ပါသည်။ ထို့ပြင် ဝန်ကြီးဌာန၏ E-Government ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်မှုတွင် အထောက်အကူ ဖြစ်စေပါသည်။

လက်ရှိအချိန်တွင် သူတစ်ပါးထိခိုက်မှု အာမခံအမျိုးအစားကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် အွန်လိုင်းမှ ပေးဆောင်နိုင်ပြီဖြစ်ပြီး တဖြည်းဖြည်း တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ခရိုင်များ ချိတ်ဆက်အသုံးပြုနိုင်ရန် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်လျက် ရှိပါသည်။ ပြောင်းလဲမှုဖြစ်စဉ်သည် ယခုစတင်သည့် အချိန်ကာလ ခဏတာတွင် အခက်အခဲအနည်းငယ် တွေ့ကြုံရနိုင်သော်လည်း နိုင်ငံအနှံ့ လွှမ်းခြုံပြီးသည့်အခါ ပြောင်းလဲမှု၏ အောင်မြင်မှုအသီးအပွင့်များဖြစ်သည့် အများပြည်သူအတွက် အကျိုးကျေးဇူးများစွာနှင့်အတူ လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စေခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်း၊ အချိန်ကုန်/ လူပင်ပန်းရသည့် ဖြစ်စဉ်များ လျော့နည်း ပပျောက်ခြင်း၊ အာမခံအမျိုးအစားများကို နေရာအနှံ့/ ဒေသအနှံ့တွင် အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာကိုလည်း ရရှိလာမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက် ရပါသည်။   ။


ရည်ညွှန်း - www.mminsurance.gov.mm           

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)