Pages

Pages

လားရှိုးမြို့၌ TNLA အဖွဲ့အမည်ခံ၍ ဆက်ကြေးကောက်ခံနေသူတစ်ဦးနှင့် ၎င်းနှင့် ပတ်သက်ဆက်နွယ်သူတစ်ဦးတို့အား ဖမ်းဆီးရမိ





MNP ၊ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နေ စိုင်းဆာအောင် ဆိုသူသည် TNLA အဖွဲ့ အမည်ခံ၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ကာ ဆက်ကြေးငွေများ ကောက်ခံနေကြောင်း သတင်းအရ မေ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၄)ရှိ “သူ့ထက်ဦး” အမျိုးသားဘော်ဒါဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းဆာအောင် (ဘ) ဦးသောင်းတင်၊ နယ်မြေ(၃)၊ အမှတ်(၁၀)ရပ်ကွက်၊ လားရှိုးမြို့နေသူအား  Redmi ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံအား မေးမြန်းချက်အရ ၎င်းသည် ယခုနှစ် မတ်လအတွင်း၌ အောင်ကျော်မိုး ဆိုသူနှင့် Online Game ကစားရာမှ စတင်ရင်းနှီးခဲ့ကြောင်း၊ ဂိမ်း ကစားရာတွင် ငွေသွင်း/ငွေထုတ် အဆင်ပြေစေရေးအတွက် စိုင်းဆာအောင်မှ ၎င်း၏ KBZ Pay Account အား အောင်ကျော်မိုး အသုံးပြုရန်အတွက် ပေးခဲ့ကြောင်း၊ ဆက်ကြေးကောက်ခံခြင်းလုပ်ငန်းအား အဓိကလုပ်ဆောင်သူမှာ ၎င်း၏ သူငယ်ချင်း ဖြစ်သူ အောင်ကျော်မိုးဖြစ်ပြီး လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၄)ရှိ  Royal  Ground Hotel တွင် တည်းခိုနေထိုင်ကြောင်း သိရှိရသဖြင့် နံနက် ၁၀ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(၃၀၆)တွင် TNLA အဖွဲ့၊ တပ်မဟာ(၃)၊ တပ်ရင်း(၈၇၆)လက်အောက် နယ်လှည့်ဆက်ဆံရေးမှူးရုံးမှ တပ်စုမှူး အဆင့်ရှိ အောင်ကျော်မိုး(ဘ)ဦးအိုက်အေး၊  အောင်ချမ်းသာရပ်ကွက်၊ မန်တုံမြို့နေသူ အား  လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိသူ အောင်ကျော်မိုးအား စစ်ဆေးမေးမြန်းချက်အရ ၂၀၁၄ ခုနှစ်တွင် အောက်တိုဘာလခန့်တွင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်၌ မိဘများနှင့် အတူနေထိုင်စဉ် TNLA အဖွဲ့မှ ၎င်းတို့အဖွဲ့ထဲ  ဝင်ရန်စည်းရုံးပြောဆိုလာခဲ့ကြောင်း (၂)ပတ်ခန့်အကြာတွင် TNLA အဖွဲ့မှ အရပ်ဝတ်ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ ဘော်တွင်း-နမ္မတူ-မန်ဆာ-ညောင်ပင်လှ လမ်းကြောင်းအတိုင်း သွားရောက်ခဲ့ပြီး တောတွင်းရှိ ၎င်းတို့၏စခန်းတွင် ၄၅ ရက်ခန့် သင်တန်းတက်ရောက်ခဲ့ရကြောင်း၊ သင်တန်းဆင်းပြီး နောက်  TNLA အဖွဲ့မှ နယ်လှည့်ဆက်ဆံရေးရုံးတွင် အက ခေါင်းဆောင်တာဝန်ထမ်း ဆောင်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ TNLA အဖွဲ့မှ နုတ်ထွက် ခဲ့ကြောင်း၊ ထို့နောက် မိခင်ဖြစ်သူနှင့်အတူ လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး TNLA အဖွဲ့မှ ဆက်ကြေးတာဝန်ခံအဖြစ်အမည်ခံ၍ ဆက်ကြေး များကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းဖမ်းဆီးရမိတရားခံသည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်အထိ TNLA အဖွဲ့အမည်ခံ၍ လားရှိုး၊ မန္တလေး၊ ကျောက်ဆည်၊ တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်၊ အထည်ဆိုင်၊ ကား/ဆိုင်ကယ် အရောင်းဆိုင်၊ လျှပ်စစ် ပစ္စည်းဆိုင်၊ ကုန်စုံဆိုင်၊ ဟိုတယ်လုပ်ငန်းရှင်များထံ သို့ ဖုန်းဖြင့် ဆက်သွယ်ကာ ၂၅ ကြိမ်ခန့် ဆက်ကြေးငွေတောင်းခံခဲ့ပြီး စုစုပေါင်းဆက် ကြေးငွေ ၂၁,၉၅၀,၀၀၀ ကျပ် ကောက်ခံရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်တွင် Royal Ground Hotel ၌ တည်းခိုနေထိုင်စဉ် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှ တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူ ၂ ဦးအား တရား ဥပဒေအရ လိုအပ်သလိုအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment