Pages

Pages

(၃/ ၂၀၂၂)ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုခွင့်ပြု


MNP ၊ ဇူလိုင်  ၁၁ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁၉) ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၈၀၇ ဒသမ ၁၅၅) သန်းနှင့် ငွေကျပ် (၃၂၁,၉၄၈ ဒသမ ၇၅၂) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၁၀၀) ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။


ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစားဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးရုံတည်ဆောက်၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း (၅)ခု လည်းပါဝင်သည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယနေ့အချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၀)က စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉ ဒသမ ၁၄၆) သန်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၁)ခုက စုစုပေါင်းငွေကျပ် (၃၅၀,၉၄၇ ဒသမ ၃၄၇) သန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင် ခွင့်အလမ်းပေါင်း (၁၃,၀၀၀)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment