MNP - ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နန်းမြင့်က ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ယနေ့ကျောင်း သားလူငယ်လူရွယ်များသည် နောင်တစ်ချိန်တွင် အနာဂါတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်သွားရမှာဖြစ်သလို မျိုးဆက်သစ်လူငယ်များတိုးတက်ဖို့အတွက် ငယ်ရွယ်စဉ်ကစပြီး အသိပညာအတတ်ပညာတွေကို လေ့လာဆည်းပူးကြရန်တို့ကိုလည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငွေဆွေတာယာက စိတ်ဓာတ်မြှင့်တင်ရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကိုစိတ်ပါဝင်စားကာ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်နှင့် အားကစားပြုလုပ်ခြင်းဖြင့်ရရှိစေမည့် အကျိုးကျေးဇူးများအားလည်းကောင်း ဟောပြောဆွေးနွေးကြသည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများအား လှူဒါန်းပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်တင်မာညိုနှင့်ဆရာမများက လက်ခံရယူခဲ့ကြကြောင်းနှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ တာဝန်ခံကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၂၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment