MNP - ဇူလိုင် ၃၁
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးပြီး ဒုံရင်းတိုက်နယ် ရေတံခွန်ချောင်းအတွင်းငါးမျိုးစိုက် ထည့်ပေးကာ မြို့နယ်အဆင့် အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ဘားအံတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၄၀၀ ခန့်က ဘားအံတက္ကသိုလ်ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်းတိုက်နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု ရေတံခွန်ချောင်းအတွင်း ငါးသယံဇာတပေါကြွယ်ဝ၍ ဒေသတွင်းငါးစားသုံးမှု ဖူလုံပိုလျှံစေရေး အတွက် ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်အတူ ငါးခုံးမကြီးကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြပြီး ဒုံရင်း သဘာဝရေတံခွန် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာတိုင်ရင်းသားတို့၏ အဆို၊အက၊ အရေး၊အတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများကပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအတွက် ငွေကျပ်(၅)သိန်းကိုထောက်ပံ့ပေးအပ်ခဲ့ပြီး အောင်စေပိုင်စေ အကဖြင့် ပြိုင်ပွဲအားဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် လူမျိုးတစ်မျိုး၊ ပြည်နယ် တစ်ခုအတွက်မဟုတ်ဘဲ တိုင်းရင်းသားအားလုံး၏ ရိုးရာဓလေ့ထုံးစံများ အလေ့အထများကို အညီအမျှထွန်းကားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ လာမည့် ဩဂုတ်လတွင်ကျင်းပပြုလုပ်မည့် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် အောက်တိုဘာလတွင်ကျင်းပမည့် ဗဟိုအဆင့်ပြိုင်ပွဲတို့တွင် ရလာဒ်ကောင်းများဖြင့် တက်လှမ်းယှဉ် ပြိုင်ကာ အောင်ပွဲများရရှိနိုင်ပါစေကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပြိုင်ပွဲဝင်အနုပညာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment