MNP - ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးဦးစီးဌာနမှ လက်ထောက်ပညာရေးမှူးဦးသန့်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာမများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
သတင်း - ရဲထက်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment