MNP - ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီ အချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအာဟာရ(၃)အုပ်စုကို မျှတပြည့်ဝစွာ စားသုံးရန်စသည့် ကျန်းမာရေးအကြောင်း သိကောင်းစရာများလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပြီးနောက် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါနှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများထိုးပေးခြင်း၊ သံချဆေး တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ရာဇဝင်မေးခြင်း၊ HIV/AIDSရောဂါ စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇင်လေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment