MNP - ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း(ဆင့်ပွား) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်သည်။
အဆိုပါ သင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ရုံး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မိမိတို့ရပ်ရွာဒေသတွင် ဖြစ်ပွားတတ်သည့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာများ လျော့ပါးစေရေး အတွက် ရည်ရွယ်၍ ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စေတနာ့ဝန်ထမ်းများအား ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်သည်။ သင်တန်းတွင် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး နည်းလမ်းများ စာတွေ့လက်တွေ့ သင်ခန်းစာများ၊ သင်တန်းသားများက သင်ခန်းစာ ဘာသာရပ်များကို အစုအဖွဲ့လိုက် ရှင်းလင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း(ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းကို ကြက်ခြေနီ၊ အရန်မီးသတ်နှင့် ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သတင်း - စိုးလင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment