MNP - ဩဂုတ် ၂၅
ကရင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးစေရေးအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရသည့်အတွက် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာလုပ်ငန်းများ၊ သဘာဝဘေးကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ၊ ဘေးကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနှင့် ကောင်းမွန်သည့် လူနေမှုဘဝရောက်ရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ ပြည်သူလူထုများ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ထိ (၁၀) နှစ်တာ ကာလအတွင်း ဘေးအန္တရာယ်မျိုးစုံ ဖြစ်ပွားမှု စုစုပေါင်း (၄၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၅၈)ဦး၊ ဒဏ်ရာရသူ(၉၃)ဦးရှိခဲ့ကာ (၂၉၂ ဒသမ ၀၀) ကျပ်သန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီး ဆုံးရှုံးခဲ့သည့် အခြေအနေများကိုကြည့်ခြင်းအားဖြင့် ကရင်ပြည်နယ်သည် သဘာဝဘေး အန္တရာယ်များ ခြိမ်းခြောက်ခံစားရသည့် နေရာဒေသတစ်ခုဖြစ်ပြီး သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများ၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆွေးနွေးပို့ချမှုများကို လေ့လာမှတ်သားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သဘာဝဘေးလျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ကာကွယ်ထိန်းသိမ်းမှုများ၊ သဘာဝအရင်းအမြစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှုများကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်လျက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ လူမှုဝန်ထမ်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးသတ်၊ ကျန်းမာရေး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနများနှင့် ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းနည်းပြများက ဘေးအန္တရာယ်ဆိုင်ရာ သင်ခန်း စာများကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၅ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ထူးချွန်သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment