Pages

Pages

ပြည်မြို့နယ်တွင် ယခုနှစ်မိုးစပါးလျာထားဧက ၇၄၆၄၀ ဧကထက် ပြည့်မီကျော်လွန် စိုက်ပျိုးထားရှိ



MNP - ဩဂုတ်   ၂၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၇၄၆၄၀)ဧကထက် ပြည့်မီကျော်လွန်၍ ၇၄၆၄၂ ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါမိုးစပါး လျာထားဧကထက် ပြည့်မီကျော်စိုက်ပျိုးရာတွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် ပိုးမွှားများကင်းစင်ရေးအတွက် ပျိုးထောင်သည်မှ စိုက်ပျိုးပြီးသည်အထိ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တောင်သူများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကိုလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


မိုးစပါးစိုက်ပျိုးရာတွင် ဒေသတွင်း တောင်သူများအနေဖြင့် မှော်ဘီ(၂)၊ ရတနာတိုးနှင့် GW-11 အစရှိသော ဒေသရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် အထွက်တိုးမျိုးစပါးများကို အများဆုံးစိုက်ပျိုးကြပြီး  ပြည်မြို့နယ်တွင် မိုးစပါးအပြင် နေကြာ၊ မြေပဲနှင့်မိုးနှမ်း အစရှိသည့် ဆီထွက်သီးနှံများကိုလည်း မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းထံမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment