Pages

Pages

နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရံပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်



MNP - ဩဂုတ်   ၂၃


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာမှ ကော်မတီဝင်များအား စီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက စီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး  သင်တန်းသားများအနေဖြင့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ သင်ယူလေ့လာ၍ စီမံကိန်းလက်စွဲစာစောင်ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)   အကောင်အထည်ဖော်ဆောင်ရွက်မည့် ချောင်းနက်ကျေးရွာ၊ အိုင်ဇောက်ကျေးရွာနှင့် တယ်ထပ်ကျေးရွာမှ ကော်မတီဝင် (၂၁)ဦးတို့  တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းသူရက ပြောကြားသည်။


သတင်း - ဖြိုးဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment