Pages

Pages

ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၅)ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲ အောင်စာရင်းထုတ်ပြန်၊ ပိဋကတ္တရပါရဂူဘွဲ့ရ နှစ်ပါးထပ်မံပေါ်ထွက်





MNP ၊ ဩဂုတ်  ၂၈

မွန်ပြည်နယ်၊ သထုံမြို့ ၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၅)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲမှ စာအောင်ပုဂ္ဂိုလ်များစာရင်းကို ယမန်နေ့က အတည်ပြုထုတ်ပြန်ခဲ့ရာ ယင်းစာမေးပွဲ၏ အမြင့်ဆုံးဘွဲ့ဖြစ်သည့် ပိဋကတ္တရပါရဂူဘွဲ့ရ သံဃာတော်အရှင်သူမြတ်နှစ်ပါး ထပ်မံ ပေါ်ထွန်းခဲ့ကြောင်း သိရသည်။


မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ရှိ ဝါးခယ်မကျောင်းတိုက်မှ အရှင်ဉာဏိဿရာဘိဝံသနှင့် မော်လမြိုင်မြို့ တောင်ပေါက်ကျောင်းတိုက်မှ အရှင်နန္ဒမာလာလင်္ကာရဘိဝံသ အရှင်သူမြတ်နှစ်ပါးတို့က ပိဋကတ္တရပါရဂူဘွဲ့ရရှိခဲ့ကြပြီး ပထမစာချဘွဲ့ရ(၂)ပါး၊ ဒုတိယစာချဘွဲ့ရ(၄)ပါး၊ ကျမ်းစွဲတန်းအောင်(၃၇)ပါးနှင့် ကျမ်းစွဲအောင်(၁၀၇)ပါးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံ အစုံစုံကို အဆင့် ၇ ဆင့်ခွဲ၍ တစ်ဆင့်လျှင် ၇ ကျမ်းဖြင့် ၇ ရက်ဖြေဆိုရကာ ကျမ်းပေါင်း ၄၉ ကျမ်းကို ၇ နှစ် ဝင်ရောက်ဖြေဆိုရပြီး ပထမ၊ ဒုတိယနှင့် တတိယအဆင့်တို့ကို ဖြေဆိုအောင်မြင်ပါက သာသနဇောတိပါလ ဓမ္မာစရိယ(ဒုတိယစာချ)ဘွဲ့ကိုလည်းကောင်း၊ စတုတ္ထနှင့် ပဉ္စမအဆင့်တို့ကို ဆက်လက်အောင်မြင်ပါက သာသနဟိတဂဏဝါစက အာစရိယ(ပထမစာချ)ဘွဲ့နှင့် အဘိဝံသ ဘွဲ့ထူးတို့ကိုလည်းကောင်း၊ ဆဋ္ဌမနှင့် သတ္တမအဆင့်တိုကိုပါ အောင်မြင်ပါက ပိဋကတ္တယပါရဂူ ဘွဲ့ကိုလည်းကောင်း ဆပ်ကပ်လှူဒါန်းသည့် ထင်ရှားသည့် ပရိယတ္တိစာမေးပွဲကြီးဖြစ်သည်။


အဆိုပါစာမေးပွဲကို ၁၉၂၂ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ကြားကာလ၌ အကြောင်းကြောင်းတို့ကြောင့် ၅ ကြိမ်ခန့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း (၉၅)ကြိမ်မြောက်အထိ ပိဋကတ္တရပါရဂူဘွဲ့အား သံဃာတော် ၇၉ ပါး၊ သီလရှင် ၄ ပါးတို့အား ဆပ်ကပ်နိုင်ခဲ့ပြီး အဆင့်အတန်းအသီးသီးအလိုက် အောင်မြင်ကြသည့် ပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း (၉၅)ကြိမ်မြောက်စာမေးပွဲကို ‌ဇွန်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ရာ စာမေးပွဲ ၇ ရက်တာအတွင်း သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၂၄၄ ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သထုံမြို့၊ သုဝဏဘူမိပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။

နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment