ဒီဆောင်းပါးကို ဖျက်ဆီးသူနှင့် တည်ဆောက်သူလို့ ခေါင်းစဉ်တပ်ပြီး ရေးဖို့ပါ။ သိပ်ပြီးရိုးရှင်းနေလို့ မြန်မာပြည်၏ ကံတရားလို့ ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဒီနေရာမှာ ကျွန်တော်က ကံကြမ္မာဆိုတဲ့ အသုံးအနှုန်းကို လှလှပပ သုံးလို့ ရပေမယ့် ကြမ္မဆိုတဲ့ ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်ဟာ အကောင်းဘက်ကို ဦးတည်ခြင်းမရှိဘဲ ကြမ္မာဆိုးတွေသာ ကြုံတွေ့ရဖန်များလွန်းလို့ အသုံးအနှုန်းကို ရှောင်ရှားခြင်းဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ အလွယ်တကူ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို ပြည်သူများ နားရည်ဝနေကြပါလိမ့်မယ်။ အဲဒါကတော့ "ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်" ဆိုတဲ့ စကားပဲဖြစ်ပါတယ်။
ထင်ရှားတဲ့ နိုင်ငံရေးသမားတွေအားလုံး သုံးစွဲပြောဆိုကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များလည်း ဒီစကားလုံးကို တွင်တွင်သုံးခဲ့ကြပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်လို့ ပြောတဲ့သူတွေက အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်နေသလား။ ကြမ္မာဆိုးတွေ တစ်နေ့တစ်မျိုးမရိုးရလေအောင် ဖန်တီးလုပ်ဆောင်နေကြသလားဆိုတာလည်း ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်လို့ အထွေအထူး ပြောဖို့တောင် လိုမယ်မထင်ပါဘူး။
ကိုယ်ပြောတဲ့စကားရပ်ရဲ့ အတိမ်အနက်၊ အကောင်း၊ အဆိုးကိုမှ မသိတဲ့ သူတွေရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူတွေလည်း ယောင်ဝါးဝါးဖြစ်ပြီး ကိုယ့်ဒုက္ခကိုယ်ဖန်တီးခဲ့ကြပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံတိုးတက်ကြီးပွားဖို့၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ရတဲ့ အလုပ်ဖြစ်တယ်ဆိုတာလောက်ကို ပြည်သူအများအနေနဲ့ ရှင်းရှင်းလင်းလင်း သိနေမယ်ဆိုရင် မိမိတို့ကို ဦးဆောင်သူများဟာ နိုင်ငံရေးလုပ်နေသူတွေလား၊ အာဏာရမ္မက်ထနေသူတွေလား ကွဲကွဲပြားပြားသိမှာ ဖြစ်ပါတယ်။ အခုက တိုင်းဖျက်ပြည်ဖျက် လုပ်တဲ့သူတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေကို နားယောင်ပြီး ကိုယ့်ကိုယ်ကို အကြမ်းဖက်သမားများအဖြစ် ဘဝကို စတေးပြီး တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြလို့ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ၊ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်မှုတွေ၊ အနန္တဂိုဏ်းဝင် ဆရာ/ ဆရာမတွေကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေနဲ့ အဆိုးဆုံးအခြေအနေအထိ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ခဲ့ကြတယ်။
အော့နှလုံးနာစရာကောင်းတဲ့ အဲဒီလို လုပ်ရပ်တွေ ဘယ်သူတွေကြောင့် ဖြစ်လာတာလဲ။ တပ်မတော်က ကျူးလွန်နေတာလား။ ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ ပြည်ပြေးနိုင်ငံရေးသမားတွေက ကျူးလွန်နေကြတာလား။ သေသေချာချာ စဉ်းစားသုံးသပ်ပြီးပြောကြပါ။ NLD ပါတီ ရဲ့ မဲလိမ်မဲခိုး မဲမသမာမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာခဲ့တာ ရှိသလား။ တည်ငြိမ်အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ ဆောင်ရွက်သွားမယ်။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးပြီး ရွေးကောက်ခံ အစိုးရလက်ထဲကို အာဏာလွှဲအပ်ပေးသွားမယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။
တပ်မတော်က ထိန်းသိမ်းတဲ့အချိန်မှာ ဥပဒေချိုးဖောက်ပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ထားသူတွေက လွဲလို့ ကျန်သူတွေကို ဘာမှ လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။ လွှတ်တော်ခေါ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေပြည်တော်စည်ပင် ဧည့်ရိပ်သာမှာ စုဝေးရောက်ရှိနေတဲ့ မဲခိုးပြီး အနိုင်ရတာကို ဂုဏ်ယူနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင် ဘာတစ်ခုမှ မလုပ်ဘဲ ကိုယ့်နေရပ် ကိုယ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ သဘောထားကြီးစွာ လွှတ်ပေးလိုက်ခြင်းက တိုင်းပြည်မှာ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးပေးခဲ့သလို ဖြစ်စေခဲ့ပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်ပေးလိုက်ခြင်းကြောင့် CRPH, NUG အကြမ်းဖက်အဖွဲ့တွေ ပေါ်လာတယ်။ သူတို့ရဲ့ ဦးဆောင်လှုံ့ဆော်မှုနဲ့ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့ ထပ်မံပေါ်ပေါက်လာတယ်။ CRPH, NUG လို့ အမည်ခံထားတဲ့ အဖွဲ့တွေက ဒူးဝါးလရှီးလ၊ ဆာဆာ၊ ဇော်ဝေစိုး အစရှိတဲ့ သူတွေရဲ့ ဦးဆောင်မှုနောက်မှာ NLD လွှတ်တော်အမတ်တွေ၊ NLD လော်ဘီတွေအားလုံးက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ မူကို လက်ကိုင်ထားပြီး သူတို့ ပြောသလို မလုပ်တဲ့သူ မှန်သမျှ ဒလန် စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်တယ်။ လုပ်ကြံသတ်ဖြတ်နိုင်အောင်လည်း လက်နက်၊ ငွေကြေး ထောက်ပံ့ပေးတယ်။ သတ်ရဲ ဖြတ်ရဲတဲ့ သူကို ငွေကြေးထောက်ပံ့ပေးတယ်ဆိုတော့ PDF အမည်ခံထားတဲ့အဖွဲ့ထဲဝင် လူသတ်ပြီးငွေရှာတဲ့ အကြမ်းဖက်သမားလေးတွေ အဖြစ် အသုံးချခံခဲ့ကြရတယ်။
လူသတ်ရုံလောက်နဲ့ အားရကျေနပ်တဲ့ အဖွဲ့အစည်းတွေမဟုတ်ဘူး။ သံဃာတော်တွေလည်းသတ်၊ ဆရာ/ဆရာမတွေလည်းသတ်၊ အဖျက်အမှောင့် လုပ်လို့ရသမျှ အကုန်လုံး လုပ်ခဲ့ကြတယ်။ ကိုဗစ်ကပ်ရောဂါဘေးနဲ့အတူ သူတို့တွေရဲ့ အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေကြပြီ။ အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေး အထောက်အပံ့ဖြစ်စေဖို့ CRPH, NUG က ဘာတွေ ပံ့ပိုးနေသလဲ။ ဆန်တစ်ပြည် ကူညီတာ တွေ့ဖူးပါသလား။ အခက်အခဲ အကြပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့အတွက် သူတို့ကိုယ်သူတို့ အစိုးရလို့ ကြွေးကြော်နေတဲ့ NUG ကို တင်ပြတောင်းခံလို့ ရသလား။
ပြည်သူတွေ ကြုံတွေ့ခံစားနေရသမျှ ဒုက္ခအဝဝ ကို နစက ပဲ ဖြေရှင်းရတယ် မဟုတ်လား။ စားဝတ်နေရေးအခက်အခဲ အတွက်လည်း တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက စိုက်ပျိုးမွေးမြူထားတဲ့ အသီးအနှံ၊ ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ဆီ အစရှိတဲ့ စားသောက်ကုန်တွေကို ဈေးကွက်မှာ ပေါက်နေတဲ့ ဈေးထက် အဆမတန် လျှော့ချပြီး ရောင်းပေးတယ်။ အဲဒီလို ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ အခက်အခဲကို တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်အောင် NUG အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ပေးခဲ့တာ ရှိရင် ပြပါ။
NLD အစွန်းရောက်တွေ နိုင်ငံရေးပဋိက္ခမဖန်တီးမီ ကိုဗစ် စတင်ဖြစ်ပေါ်လာတဲ့အချိန်မှာလည်း တပ်မတော် ဂိုဒေါင်တွေထဲက ဆန်၊ ဆီ၊ ပဲ တွေ ထုတ်ပြီး အခြေခံလူတန်းစားတွေ နေတဲ့ ရပ်ကွက်တွေမှာ တပ်မတော်က လိုက်လံလှူဒါန်းပေးခဲ့တယ်။ အခု အခြေခံကုန်ဈေးနှုန်းတွေ နှစ်ဆမက မြင့်တက်လာလို့ ပြည်သူတွေ အခက်ကြုံနေရတယ်။ အစိုးရလို့ ပြောပြီး အကြမ်းဖက်နေတဲ့ NUG က ဘာတွေ ကူညီထောက်ပံ့ပေးနေတာ ရှိပါသလဲ။ တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေက စိုက်ပျိုးမွေးမြူထားတဲ့ စားသောက်ကုန်တွေ၊ သိုလှောင်ထားတဲ့ ဆန်၊ ဆီ တွေ ထုတ်ပြီး သက်သာဈေးနှုန်းနဲ့ အနယ်နယ် အရပ်ရပ်မှာ ရောင်းချပေးနေတာ တွေ့ရတယ်။
ပြည်သူတွေမှာ ကျေးဇူးရှိတဲ့သူတွေကို ပြည်သူကို ကျေးဇူးပြုနေသူတွေကို ကျေးဇူးတင်ကြောင်း မပြောရဲဘူး။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံရမှာ ကြောက်ကြတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ သူတွေအပေါ် ကျေးဇူးမတင်တဲ့ အပြင် ဖောင်းထုနေကြတဲ့သူတွေလည်း ရှိတယ်။ ကွယ်လွန်လေပြီဖြစ်တဲ့ NLD ပါတီ နာယကကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ စကားနဲ့ ပြောရရင် မင်းတို့ကောင်တွေက ကျေးဇူးရှိသူကို ကျေးဇူးရှိသူလို့ မဖော်ပြရဲဘူး ဖြစ်နေကြပါတယ်။
မြန်မာပြည် ပြုပြင်ပြောင်းလဲရေး တစ်ခေတ်ပွင့်လင်းလာတာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်ပါတယ်။ ဦးသိန်းစိန် စိုက်ပျိုးခဲ့တဲ့ အပင်က အသီးအပွင့်ကို စားသုံးခွင့်ရသည့် တိုင်အောင် ကျေးဇူးရှိသူလို့ မပြောရဲဘူး။ ကြံဖန်ပြီး ပစ်တင်စော်ကား ပြောဆိုကြတာမျိုးတွေကို ကြုံခဲ့ရဖူးပါတယ်။
ဖြစ်နေပုံက ဒီတိုင်းပြည်က လူတွေဟာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသူတွေကို အထင်ကြီးလေးစားတတ်ကြပြီး မိမိတို့ကို အလုပ်အကျွေးပြုနေသူတွေအပေါ် ကျေးဇူးတင်စကား ပြောဖို့ စွန့်အနေကြတဲ့သူတွေ ဖြစ်နေတယ်။ တိုင်းပြု ပြည်ပြု ဆောင်ရွက်သူတွေကို အာဏာထိုင်ခုံမှာ ရှိနေတာ မမြင်ချင်ကြဘူး။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေကို အုပ်စိုးစေချင်ကြတယ်။ ဆိုတဲ့အခါကြတော့ တိုင်းပြည်ကို အလုပ်အကျွေးမပြုချင်ကြတော့ဘဲ ဝိသမလောဘသားတွေ ဖြစ်လာကြတယ်။ တိုင်းရင်းသား ပြည်သူများအပေါ် ရာထူးအာဏာ အလွဲသုံးစားလုပ်ပြီး ဂုပ်သွေးစုပ် အမြတ်ထုတ်တဲ့ လုပ်ရပ်တွေ လုပ်လာကြတယ်။ အဆိုးသံသရာ လွဲမထွက်နိုင်တဲ့ တိုင်းပြည်ကို နစက အစိုးရအနေနဲ့ ပြည်လည် တည်ဆောက်နေတယ်လို့တော့ မြင်ပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသာနာဖျက်တွေကို မှ ယုံကြည်ကိုးစားနေတဲ့ သူတွေရဲ့ အမြင်မှာတော့ သူတို့ယုံကြည်ထောက်ခံသူတွေရဲ့ အဖျက်အမှောင့် လုပ်ငန်းတွေကို အပြစ်မမြင်ဘဲ လိုအပ်ချပ်မှန်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေသူတွေကို ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး ဆဲဆိုစော်ကားနေကြတုန်းပဲ။ အဲဒီလို တလွဲဆံပင်ကောင်း လုပ်ရပ်တွေကြောင့် သုံးကြီးသုံးပါးဘေးနဲ့ ရင်ဆိုင်နေကြရခြင်း ဖြစ်တယ်ဆိုတာကို ဆင်ခြင်သတိပြုမိစေချင်လို့ပါ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment