ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့် အခန်း ၅၀၀၈ ခန်းအနက်မှ ပြီးစီးသည့်အခန်းများအား နေရာချထားပေးနိုင်ရေးနှင့် သတ်မှတ်အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရန်လိုအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့် အခန်း ၅၀၀၈ ခန်းအနက်မှ ပြီးစီးသည့်အခန်းများအား နေရာချထားပေးနိုင်ရေးနှင့် သတ်မှတ်အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရန်လိုအပ်


MNP ၊ စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း ၁၀၀၀၀ ၏ ပထမအဆင့်အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ် သုံးသင်းနှင့် အသင်းဝင် ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်း၊ အသင်းချုပ်များမှလည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ပြောကြားသည်။


ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ညွှန်ကြားချက်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၅ လုံး၊ ရန်ကုန်တွင် အဆောက်အဦ ၁၉၄ လုံး၊ မန္တလေးတွင် အဆောက်အဦ ၉၁ လုံး တည်ဆောက်နေသည့်အတွက် စီမံကိန်းပမာဏ ကြီးမားသည်နှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရန် အသင်းချုပ် သုံးသင်း၊ QC အဖွဲ့များနှင့် စီမံကိန်းလုပ်ငန်း ကြီးကြပ်သူများအနေဖြင့် အချိတ်အဆက်မိမိဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။


စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အိမ်ရာများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ နေထိုင်နိုင်ရန် နေရာချထားပေးရေး အစီအမံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပြီး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ဘဏ္ဍာငွေရရှိမှု၊ စီမံခန့်ခွဲပေးချေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။


ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စာချုပ်ပါ စည်းကမ်းချက်များနှင့် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြသည်။


ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်(MLCA)နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA) တို့မှ နာယက၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လက်ရှိအိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ ရေ၊ မီးရရှိရေးကိစ္စများ၊ အိမ်ရာအတွင်းနေထိုင်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန် သယ်ယူပို့ဆောင်ရေး ကဏ္ဍဆောင်ရွက်မည့် အစီအစဉ်များ၊ အိမ်ရာစီမံကိန်းဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးအပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုတို့အပါ် ပြည်ထောင်စုဝန်ကြီး က စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်အချိန်မီပြီးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးအပ်ခဲ့ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)