မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၂) ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၂) ဖွင့်လှစ်

 


MNP - စက်တင်ဘာ   ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၂)ကို ယနေ့ နံနက် (၉)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။


အဆိုပါသင်တန်းကို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပွားကြုံတွေ့နေရသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်ကျရောက်မှု ဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ/လူမှုရေးအသင်းအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။


သင်တန်းတွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ ယခုလို ရှာဖွေ ကယ်ဆယ်ရေးသင်တန်းများ ဖွင့်လှစ်၍ သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြား၍ သင်တန်း ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းထောက်ပံ့ငွေများ ပေးအပ်ရာ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက လက်ခံရယူခဲ့သည်။


ထို့နောက် သင်တန်းသားများအား လက်တွေ့သင်ကြား လေ့ကျင့်ပေးမည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ/ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြ၍ သင်တန်းကာလ(၁၄)ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး မြိတ်ခရိုင်မီးသတ်ဦးစီးဌာန၊ အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ နည်းပြများဖြင့် စနစ်တကျ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာဝေါဟာရနှင့် ကြိုတင်သတိပေးခြင်းများ၊ အခြေခံကြိုးချည်နည်းများ၊ အမြင့်ပိုင်း/အနိမ့်ပိုင်းများ၌ ကြိုးဖြင့် အသက်ကယ်နည်းစနစ်များ၊ တောင်ပေါ်အသက်ကယ် နည်းစနစ်၊ လျှိုမြောင်းအတွင်း အသက်ကယ်နည်းစနစ်၊ ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ပြိုကျပျက်စီး အစိတ်အပိုင်းများအောက်၌ ပိတ်မိနေသူများအား ကယ်ဆယ်ရာတွင်အသုံးပြုသည့် Cribbing နည်းစနစ်၊ ပိမိနေသည့်ပစ္စည်းကို လေအိပ်ချိုင့်ဖြင် မ,တင်သည့် Air Lifting Bag အသုံးပြုခြင်း နည်းစနစ်၊ ဒေါက်ထောက်ခြင်း/ ကျားကန်ခြင်းများ၊ ထွင်းဖောက် ဖြတ်တောက်ခြင်းနည်းစနစ်များ၊ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဆင့်ဆင့်များ၊ ရေတွင်းအသက်ကယ်နည်းစနစ်များ၊ အခြေခံအသက်ကယ်နည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း ကိရိယာများ ကိုင်တွယ်အသုံးပြု ခြင်း နည်းစနစ်များ စသည့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)