MNP ၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (Top Technics Co..,Ltd (QC)မှ မြို့နယ်အတွင်းရှိ စစ်ဆေးရန် စာချုပ်ချုပ်ဆိုပြီးသော တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှင့် တည်ဆောက်ရေးကုမ္ပဏီများကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်သွားကြရန် လိုအပ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မိမိတို့ကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောက်လုပ်နိုင်မှု ရှိ/မရှိကိုကြီးကြပ်ဆောင်ရွက်ပြီး ကုမ္ပဏီများက သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက အထက်ဌာနများသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာက လုပ်ငန်းခွင်အတွင်း လုံခြုံရေးမှသည် ကျေးရွာအတွင်း အေးချမ်းလုံခြုံရေးအထိ အထူးဂရုပြု ဆောင်ရွက်သွားစေရေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (Top Technics Co..,Ltd (QC)မှ မြို့နယ်အတွင်းရှိ စစ်ဆေးရန် စာချုပ်ချုပ်ဆိုပြီးသော တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကုမ္ပဏီ(၉)ခု၊ကျေးရွာ(၁၂)ရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ရေပေးဝေရေးလုပ်ငန်း၊ စာသင်ကျောင်းဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းခင်းခြင်းနှင့် Box coverတည်ဆောက်ရေးလုပ်ငန်းများ၊ မီးသတ်အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းများအား တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment