MNP - စက်တင်ဘာ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူများ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ တို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ တွင်အောင်မင်္ဂလာရပ်ကွက် သာသနာ့ပါလဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ဟံသာဝတီရပ်ကွက် အခြေခံပညာ(မူလွန်) ကျောင်း၌ ကွင်းဆင်း၍ ဒေသနေပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရပ်ကွက်နေပြည် သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုး၊ မွေးမြူရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်ကျောင်းများ ကောင်းမွန်စေရေးနှင့် လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုင်ရေးအဖွဲ့ဝင်- ၁ ဗိုလ်မှူး သက်ထွန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ခင်မောင်ထွန်တို့က တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးရာ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အေးအေးသီ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment