Pages

Pages

ခရမ်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၁၀


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အသင်းစုရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က စပါး/ ပဲတီစိမ်းစိုက်တောင်သူများအား ကွင်းဆင်းစာရင်းကောက်ယူခြင်း‌‌ ကောက်ယူရရှိသည့် စာရင်းများအရ ကျေးရွာအုပ်စုအလိုက် (သို့မဟုတ်) တောင်သူအစုအဖွဲ့အလိုက် သမဝါယမ အသင်းများ ဖွဲ့စည်းမှုခိုင်မာ‌ရှိစေရေးစနစ်တကျ‌ ဆောင်ရွက်ရန်၊ (Contract farming) အကျိုးတူ လယ်ယာစနစ်ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့်  စပါး/ပဲတီစိမ်း‌ ရောင်းဝယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေသော ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းနှင့်‌ ရွေးချယ်သတ်မှတ်ခြင်း၊ အကျိုးတူ ဆောင်ရွက်မည့်ကုမ္ပဏီမှ သမဝါယမအသင်းသား‌ တောင်သူများသို့ မျိုး၊ သွင်းအားစုများ ဖြန့်ဖြူးခြင်းနှင့်  စိုက်ပျိုးစရိတ်များထုတ်ပေးခြင်း၊ သီးနှံကြိုပေးစနစ်ဆောင်ရွက်ပြီး  သီးနှံ ထွက်ရှိချိန်တွင် သီးနှံများဝယ်ယူခြင်းနှင့် ပြန်လည်ရောင်းချခြင်းတို့အတွက် စာချုပ်ချုပ်ဆိုခြင်း စသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက လူမှု့ဘဝအဆင် ပြေချောမွေ့စေရန် ပဲတီစိမ်းစိုက်တောင်သူများအား နည်းလမ်းကောင်းများပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်‌များကို ဆွေးနွေးမေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ဥမ္မာမြင့်နှင့် တာဝန်ရှိသူများ၊ ခရမ်းမြို့နယ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ ခရမ်းမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ် ခင်သန္တာအောင်နှင့်ဝန်ထမ်းများ၊ ခရမ်းမြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူ ၁၂၀ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment