Pages

Pages

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး





MNP ၊ စက်တင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် ခေတ္တ တည်းခိုလျက်ရှိသည့် Ulan-Ude မြို့၊ Mergen Bator ဟိုတယ် Tengeri ညီလာခံ ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Republic of Buryatia အစိုးရ အဖွဲ့အကြီးအကဲ နှင့်အတူ ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စီးပွားရေး ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အဏုမြူနည်းပညာအသုံးပြု၍ ရောဂါ ရှာဖွေ စမ်းသပ်နိုင်မှုနှင့် ရှာဖွေတွေ့ရှိလာသည့် ရောဂါများကို ခေတ်မီနည်းပညာများ အသုံး ပြု၍ ကုသမှုများဆောင်ရွက်ပေးနိုင်သည့် အခြေအနေများများအပါအဝင် ကျန်းမာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆေးပညာရှင်အချင်းချင်း၊ ဆေးရုံများအချင်းချင်း အပြန်အလှန်ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သဘာဝသယံဇာတ တွင်း ထွက် ပစ္စည်းများ တူးဖော်မှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေထုတ်လုပ်ရာတွင် ပူး ပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံး ခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ခြင်းနည်းပညာဆိုင်ရာများ၊ မောင်းနှင်ခုတ်မောင်းမှုဆိုင်ရာ နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်သည့် လုပ်ငန်း ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှု အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Republic of Buryatia အစိုးရ အဖွဲ့အကြီးအကဲတို့သည် ခင်မင်ရင်းနှီးစွာ အပြန်အလှန် နှုတ်ဆက်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ညစာသုံးဆောင်နေစဉ်အတွင်း Buryatia ပြည်နယ်မှ နာမည်ကျော် အနုပညာရှင်များက ရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် သီဆိုကပြ တီးမှုတ်ဖျော်ဖြေ ခဲ့ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ရိုးရာ အကအလှအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment