Pages

Pages

ကျောက်တံခါးမြို့နယ်တွင် မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး




MNP - အောက်တိုဘာ  ၂၆


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေး စိစစ်ဆောင်ရွက်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။


တွေ့ဆုံဆွေးနွေးရာတွင် ပဲခူးခရိုင်ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသက်နောင်က လာမည့်ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲစာရင်းများ မှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲအဆင့်ဆင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးရာ ခရိုင်ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသက်နောင်က ဖြည့်စွက်ဆွေးနွေးသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးနှင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment