ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်



MNP ၊ အောက်တိုဘာ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့သို့ရောက်ရှိကာ ကလောမြို့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြးက ကလောမြို့ကို ခရီးသွားမြို့အဖြစ် အကောင်အထည်ဖော်ရာတွင် ချမှတ်ထားသော စီမံကိန်းတွင်ပါဝင်သည့် မဟာဗျူဟာအတိုင်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဖော်ဆောင်သည့် စီမံကိန်းသည် ဧည့်သည်နှင့် ဒေသခံလူထုအတွက် တန်ဖိုးရှိသောစီမံကိန်းဖြစ်စေလိုပါကြောင်း၊ စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် ဆောင်ရွက်ပြီးစီးမှုများနှင့် နှစ်အလိုက်ဆောင်ရွက်ချက်များကို အကဲဖြတ်သုံးသပ်ကာ အမြဲထိန်းသိမ်း စောင့်ကြည့်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော နိုင်ငံအဆင့်အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ကလောမြို့ရှိ ဟိုတယ်များအား နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့သို့ရောက်ရှိကာ တောင်ကြီးဟိုတယ်ခန်းမ၌ ပြုလုပ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအ‌ဝေးသို့ တက်ရောက်သည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့်တောင်ပိုင်းရှိ ဟိုတယ်ဇုံများမှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏  မန္တလေး၊ ရန်ကုန်၊ ပြည်၊ မော်လမြိုင်၊ ဘားအံခရီးစဉ်များနှင့် နေပြည်တော်တို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှုများပြုခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မစီမံကိန်း (၂၀၂၀-၂၀၃၀) အား ရေးဆွဲဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာသည် အရေးကြီးပါကြောင်း၊ ပညာရေးကို အဆင့်အတန်းမြှင့်တင်ရမည်ဖြစ်သကဲ့သို့ သက်မွေးမှုပညာရပ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့အားလုံး ပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများသည် ခရီးသွားလုပ်ငန်းအတွက်သာမက နိုင်ငံတော်၏ လူမှုစီးပွားဘဝတိုးတက်ရေးကိုပါ အထောက်အကူပြုနိုင်သော အဓိကအခန်းကဏ္ဍဖြစ်သဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။ ထို့နောက် စီးပွားရေးရာဝန်ကြီးနှင့် တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော နိုင်ငံအဆင့်အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် တောင်ကြီးမြို့ရှိ ဟိုတယ်များအား နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးဟိုတယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အင်းလေးကန် သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်အတွင်း ဗေဒါ၊ ဒိုက်နှင့် အမှိုက်များ ကင်းစင်ရေးအတွက် ဆောင်ရွက်ထားရှိမှုကို စက်လှေဖြင့် လှည့်လည်ကြည့်ရှုပြီး အင်းလေးကန် သာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)