Pages

Pages

မအီမြို့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ



MNP ၊ အောက်တိုဘာ    ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ် ကျောင်းထိုင်ဆရာတော်ကြီးများက ကြီးမှူးပြီး ဆွမ်းလောင်းအသင်းလူငယ်များ၏ ပံ့ပိုးကူညီမှုများဖြင့် မြို့ပေါ်သံဃာတော်များစုပေါင်း၍ မအီမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယနေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၌ မအီမြို့ပေါ် ဥက္ကံတောင်ကျောင်းတိုက်၊ သိမ်တောင်ကျောင်းတိုက်နှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်တို့မှ သံဃာတော်အပါး(၂၀)ကျော်တို့က မြို့ပေါ်ရပ်ကွက်များအနှံ့ လှည့်လည်ဆွမ်းခံခဲ့ကြခြင်းဖြစ်ပြီး စေတနာရှင်အလှူရှင် မြို့သူမြို့သားများက ဆန်/ကြက်သွန် အစရှိသည့် ဆွမ်းခြောက်များကို သဒ္ဒါတရားထက်သန်စွာဖြင့် စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။

ဖော်ပြပါ လောင်းလှူခြင်းများဖြင့် ရရှိလာသည့် ဆွမ်းဆန်စိမ်းများ၊ အခြားဆွမ်းခြောက်များနှင့် နဝကမ္မအလှူငွေများကို ဆွမ်းလောင်းအသင်း(မအီ)မှ လူငယ်များက သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ ခွဲဝေ၍ မော်တော်ကားများဖြင့် ကူညီပို့ဆောင် ကပ်လှူပေးခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment