Pages

Pages

၃ ရက်တာ ကာလအတွင်း တရားမဝင် ကုန်သွယ်မှု သန်း ၃၀၀ ကျော်ဖိုး ဖမ်းဆီးရမိ



MNP ၊ အောက်တိုဘာ ၂၃

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ရာ အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဒဂုံမြို့သစ်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဒဂုံစက်မှုဇုန်(၂)ရှိ သစ်အချောထည်လုပ်ငန်း ဂိုဒေါင်၌ တရားမဝင် ကျွန်းပါကေးနှင့် T&G သစ်ခွဲသား ၁ ဒသမ ၈၀၆၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၂၂၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ အောက်တိုဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့မှ ဝန်ထမ်းများ မြဝတီ - ဘားအံ - ရန်ကုန်သွား ကားလမ်း ပဲခူးတက္ကသိုလ်ရှေ့တွင် မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စတီးပိုက်များ ၅ ဒသမ ၉၃၂ တန်နှင့် ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၉၈၅၆၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Howo Sino အမျိုးအစား Tractor Head မော်တော်ယာဉ် တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၉၈၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အတူ အောက်တိုဘာ ၂၂ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောမြို့ မောင်နီရွာ အနောက်တောင်ဘက် ချောင်ပေါက်ဝငယ်တစ်ခု အရောက်၌ ဒီရေရောက် တောများအတွင်း ဖုံးကွယ်ကမ်းထိုးထားသည့် သစ်သားကိုယ်ထည် လောင်းလှေငယ် တစ်စင်းပေါ်မှ အင်ဂျင်ဝိုင်ပုံး အဟောင်းများအတွင်း အမည်းရောင် ပလတ်စတစ် အိတ်ငယ် များဖြင့် ထုပ်ပိုးထားသော တရားမဝင် ရွှေထည်လက်ဝတ် ရတနာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၆၈၀၀၀၀၀) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၄၁ ဒသမ ၂၅၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၁၃၁၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်၍ အောက်တိုဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၅၀၃၉၄၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment