Pages

Pages

မှော်ဘီမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပညာရေးမှူးရုံးက ကျင်းပသည့် အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယ‌မန်နေ့နံနက်(၉)နာရီက မှော်ဘီမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက မိမိအနေဖြင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်အဆင့် (ဆင့်ပွား)ပေးခြင်းဖြစ်ကြောင်း၊ ပညာရေးဌာနသည် အရေးကြီးသော ဌာနတစ်ခုဖြစ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည် အဓိကကျ‌ကြောင်းနှင့် ခေါင်းဆောင်ကောင်း အရည်အချင်းပြည့်ဝရန် အရည်အချင်း စိတ်နေသဘောထားအပေါ် တန်ဖိုးများကို လက်တွေ့ဆောင်ရွက်ရန် လိုအပ်သော အချက်အလက်များအား ရှင်းလင်းဆွေးသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မှော်ဘီမြို့နယ်အတွင်းရှိ အခြေခံပညာ ၁၄၄ ကျောင်းက ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၁၄၄ ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ နှစ်ရက်ကြာမြင့်မည် ဖြစ်သည်။ သင်တန်းနည်းပြများအဖြစ် မြို့နယ်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးနှင့် ဒုတိယမြို့နယ် ပညာရေးမှူး၂ဦးတို့က စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊ ပညာရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး ရုံးမှ သိရသည်။


သတင်း - ကောင်းမြတ်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment