Pages

Pages

၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၂၆


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ အားကစားကဏ္ဍ ဖွံဖြိုးတိုးတက် ရေးနှင့် ထူးချွန်သော ရွက်ပုန်းသီး ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မ အားကစား ကွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် ကျိုက်မရော မြို့မလက်ရွေးစင် ဘောလုံးအသင်းနှင့် ကဒါကျေးရွာ လက်ရွေးစင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြရာ  ကဒါကျေးရွာအုပ်စု လက်ရွေးစင် ဘောလုံးအသင်းက အိမ်ရှင်မြို့မ ဘောလုံးအသင်းကို လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား)ဒိုင်းဆုကြီးအား ရရှိခဲ့သည်။


ထို့နောက်ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲ ပွဲစဉ်တလျှောက် အကောင်းဆုံးနှင့်  အသန့်ရှင်းဆုံး အားကစားသမားဆုကို ကဒါကျေးရွာ ဘောလုံးအသင်းမှ ရရှိပြီး ပူးတွဲတတိယဆုကို ကျုံကွယ်ကျေးရွာ ဘောလုံးအသင်းနှင့် ပိန်းနဲကုန်းကျေးရွာ ဘောလုံး အသင်းတို့မှရရှိရာ အဆိုပါဆုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်မင်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ် ခဲ့ကြသည်။


ထို့နောက် ပထမဒိုင်းဆုရရှိသော ကဒါ်ကျေးရွာ လူငယ်ဘောလုံး အသင်းအား ဒိုင်းဆု (ဖလား)ကြီးနှင့် ငွေသားဆုငွေ (၁၀)သိန်းကျပ်ကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဒုတိယဆုရရှိသော အိမ်ရှင်မြို့မ ဘောလုံးအသင်းအား ငွေသားဆု ငွေ(၇)သိန်းကျပ် နှင့်အကောင်းဆုံး ဂိုးသမားဆုကို  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူးက ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘောလုံး အားကစားသမားများနှင့် ဘောလုံးဝါသနာရှင် ပြည်သူလူထုများက အားကစားကွင်းကြီး ပြည့်လျှံ သည်အထိ စည်ကားသိုက်မြိုက်စွာ အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment