Pages

Pages

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ



MNP - နိုဝင်ဘာ   ၈


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်အား နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဟိုပန် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်းရှိ မြင်းပျံတောင်ကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။


ဟိုပန်တန်ဆောင်တိုင် ပွဲတော်ကာလတွင် အများပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် အဆိုပါ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်း၌ ရောင်စုံမီးအလှများထွန်း၍ တိုင်းရင်းသားရိုးရာအကအလှများ၊ တေးဂီတအစီအစဉ်များ၊ DJ ဖျော်ဖြေမှုများ ပါဝင်ပြီး နိုင်ငံကျော်အနုပညာရှင် အဆိုတော်များမှ ခေတ်ပေါ် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ပေးလျက်ရှိသည်။


ဟိုပန်မြို့နယ်၌ တန်ဆောင်တိုင် အခါသမယအတွင်း မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲများ ကျင်းပခြင်း၊ ပဒေသာပင်များ စီတန်းလှည့်လည်ခြင်း၊ ရပ်ကွက်များအလိုက် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ စေတီပုထိုးများ၌ ရောင်စုံ မီးအလှများ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံပျံလွှတ်တင်ခြင်းများ ပြုလုပ်လျက်ရှိသည်။


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် အနီးပတ်ဝန်းကျင် မြို့များဖြစ်သည့် ကွမ်းလုံ၊ ချင်းရွှေဟော်ဒေသများမှ အများပြည်သူများပါ ပျော်ရွှင်စွာ လာရောက်လည်ပတ် လျက်ရှိကြောင်းနှင့် ပွဲတော်ကို နိုဝင်ဘာလ(၁၀)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment