Pages

Pages

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား








MNP ၊ နိုဝင်ဘာ  ၇

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


စေတီတော်မြတ်ကြီးမှာ ရန်ကုန်-မော်လမြိုင်‌အဝေးပြေးလမ်းမကြီးနံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြှော်နိုင်ရာ အများပြည်သူ ပိတ်ရက်ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲ အစရှိသည့် အောက်မြန်မာပြည် ဘုရားဖူး အပန်းဖြေခရီးထွက်သူအများစုတို့ ခရီးတစ်ထောက်နား ဝင်ရောက်ဖူး‌မျှော်လေ့ရှိပြီး မြို့၏အထင်ကရစေတီလည်းဖြစ်သည့်အလျှောက် ယခုကဲ့သို့ ဝါလကင်းလွတ်ကာလတွင် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြှော်ကုသိုလ်ပြုလေ့ရှိသောကြောင့် အထူးစည်ကားပြီး ဘုရားဖူးပြည်သူများ အေးချမ်းသာယာစွာ ဖူးမျှော်ကုသိုလ်ယူနိုင်ရေးအတွက် စီမံထားကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သမိုင်းမှတ်တမ်းများအရ သထုံရွှေစာရံစေတီတော်မြတ်ကြီးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်၊ သူရိယစန္ဒာမင်းကြီးလက်ထက်၌ တည်ထားကိုးကွယ်ခဲ့ပြီး ကကုသံဘုရားရှင်၏ ဆံတော်ရဇစ်ဆူ၊ ကောဏဂုံဘုရားရှင်၏ တောင်ဝှေးတော်၊ ကဿပဘုရားရှင်၏ မြသပိတ်တော်နှင့် ဂေါတမဘုရားရှင်၏ သွားတော်‌လေးဆူတို့ဖြင့် ဘုရားရှင်‌လေးဆူတို့၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်း ပူဇော်ထားသောကြောင့် လေးဆူဓာတ်စံရွှေစာရံစေတီဟူ၍ အနယ်နယ်အရပ်ရပ်၌ ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်သည်။


တန်ဆောင်မုန်းလပြည့်‌နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် သာမညဖလအခါတော်နေ့ဖြစ်သည့်အ‌လျှောက် ရွှေစာရံစေတီတော်အပါဝင် သထုံမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီးတို့၌ တရားသဘင်ဆင်ယင်ကျင်းပခြင်း၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊‌ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ရွှေကြာသင်္ကန်းတော်များ ကပ်လှူ‌ပူဇော်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ်ပြုကြသူများတို့ဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment