Pages

Pages

စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၅၀)ပြည့် ရွှေရတု စုပေါင်းမဟာဘုံကထိန် အလှူတော်ကျင်းပ






MNP ၊ နိုဝင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၅၀) ပြည့် စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ အောင်ချမ်းသာမြတ်စွာဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်သို့  ဆရာတော်၊ သံဃာတော်  (၂၆) ပါးတို့ ကြွရောက် ချီးမြှင့်ကာ ဆရာတော်ကြီးများအား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း၊ အထက(စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲတော် အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး  တက်ရောက်လာကြသည့် ဧည့်ပရိတ်အပေါင်းတို့က စဉ့်ကူးမြို့ မဟာဝေယံဘုံသာ ကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက်  ဧည့်ပရိတ်သတ်အပေါင်းတို့သည် မဟာဝေယံဘုံသာကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။


စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်သို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊  အ.ထ.က(စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များတက်ရောက်ခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်၏ ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုးမှာ စုစုပေါင်းကျပ် သိန်း(၄၀)ကျော်ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment