Pages

Pages

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာဂျာနယ် အမှတ် (၅) ထုတ်ဝေခြင်းအခမ်းအနားကျင်းပ


MNP  -   ဒီဇင်ဘာ ၂၉

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ (၁၆) ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သုတေသန အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။


အဆိုပါသုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်က “အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရူပါဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်လှဆန်းဝင်းတို့က “မော်ဒိုက်သမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သည့်အမှုအား လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားကြပြီး တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည် များ မေးမြန်းဆွေးနွေးခဲ့ကြသည်။


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် သုတေသနစာတမ်းဖတ်ပွဲများ ပြုလုပ်ခဲ့ပြီး သုတေသနပြုလေ့လာ၍ ရရှိလာသော သုတေသနစာတမ်းများကို အများပြည်သူသိရှိစေရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး၊ ခုံရုံး၊ ကောင်စီနှင့် ရုံးများအကြောင်း အတွဲ (၁) မှ အတွဲ (၃) အထိ လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံ ဥပဒေအဘိဓာန်အား အတွဲ (၁) မှ အတွဲ (၃) အထိ လည်းကောင်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။


ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ သုတ စာအုပ်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဂျာနယ်များအားထုတ်ဝေခဲ့ရာ ဂျာနယ်အမှတ် (၁) မှ (၄) အထိထုတ်ဝေခဲ့ပြီး ယနေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာဂျာနယ် အမှတ် (၅) ကို စတင်ထုတ်ဝေ ဖြန့်ချိသည်။ အဆိုပါ ဂျာနယ်အမှတ်(၅)တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၊ ခုံရုံးများအကြောင်း” “စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ” “Judicial Review ခေါ် တရားစီရင်ရေး ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် Constitutional Review ခေါ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်လည်သုံးသပ်ခြင်း တို့ကို လေ့လာတင်ပြခြင်း” နှင့် “လွတ်လပ်သော အခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း” ဆောင်းပါးများအပါအဝင် မြန်မာဘာသာဖြင့် ဆောင်းပါး ရှစ်ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါး လေးပုဒ်ပါဝင်ပြီး စာမျက်နှာအရေအတွက်မှာ ၂၃၉ ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ထုတ်ဝေသောစာအုပ်များကို ဝယ်ယူဖတ်ရှု လိုပါက လုပ်ထုံးနှင့်သုတေသနဌာန ဖုန်း ၀၆၇-၃၄၃၀၂၄၃၊ ၀၆၇-၃၄၃၀၂၆၄ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment