Pages

Pages

မြို့သစ်ခရမ်းချဉ်သီးဈေးကွက်အနည်းငယ်ကျဆင်းလာ



MNP  -   ဒီဇင်ဘာ ၂ဝ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်ပြီး အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။

"ခရမ်းချဉ်သီးက မီးဖိုချောင်သုံးစားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၁၀၀၀/ ၁၅၀၀ ဈေးကနေ တဖြည်းဖြည်းတက်လာတာ တစ်ပိဿာ၂၈၀၀ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုရာသီအကူးအပြောင်းခရမ်းချဉ်သီးများပေါ်ချိန်မှာ ယခင်နှစ်ကဈေးအတိုင်း လက်လီဈေး တစ်ပိဿာ ၁ဝဝဝ/ ၁၅၀၀ကျပ်အထိ ဈေးကျသွားတဲ့အတွက် ခရမ်းချဉ်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန်ကြိုးစားရောင်းချနေကြရပါတယ်"ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။

မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက်မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခုမြို့သစ်မြို့ ခရမ်းချဉ်သီးဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှင့်လက်လီဈေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

"ဒီနှစ်ရာသီအခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန်ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီးတစ်မျိုးတည်းသာ ကျပ်၂၈၀၀ဝန်းကျင်ကနေ  ၁၀၀၀/ ၁၅၀၀ကျပ် ဈေးအထိကျသွားခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးက တန့်နေတော့ ဈေးတက်လာမလားဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ်ဖြစ်နေတာပေါ့"ဟု မြို့သစ်မြို့နယ်ကျေးရွာများမှ စိုက်ခင်းပိုင်ရှင်တစ်ဦးက ဆက်လက်ပြောသည်။

နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှု နည်းသလိုပိုးမွှားကျရောက်မှုလည်းနည်းပါးပြီး၊ မိုးတွင်းကာလမှာတော့ အပင်ငယ်ငယ်အချိန်မှာ မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီးမှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုး နှင့်မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြုစိုက်ပျိုးရပြီး ဝါနေသောအရွက်များနဲ့ လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment