Pages

Pages

ရ‌သေ့တောင်မြို့၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ(၂၀၂၂) ဥပဒေများအား အသိပေး ရှင်းလင်းပွဲကျင်းပ


MNP ၊  ဒီဇင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ  ဥပဒေသစ်များအား အသိပေးရှင်းလင်းခြင်းကို ယနေ့၊ နေ့လည်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်းလင်းထက်က အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရ ဆောင်ရွက်ရမည့် အသင်းအဖွဲ့မှတ်ပုံတင်လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် အသင်းအဖွဲ့မျာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေသစ်နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်ဦးက ၂၀၂၂ ခုနှစ် အသင်း အဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင် ပါဝင်သည့် ပြစ်မှု ပြစ်ဒဏ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်း ဥပဒေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် တက်ရောက်လာကြသည့်အသင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့ကအသင်းအဖွဲ့၏ ဆောင်ရွက်မှု အခြေအနေများနှင့်အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြခဲ့ကြရာ တာဝန်ရှိသူတို့က ပြန်လည်းရှင်းလင်းဖြေကြားပေးခဲ့သည်။


အဆိုပါအသိပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊အသင်းအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ရသေ့တောင်မြို့နယ်အတွင်းရှိအသင်းအဖွဲ့ (၁၄)ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment