Pages

Pages

ရန်ကုန်မြို့၌ မြန်မာ့ခရီးသွားပြပွဲ (၂၀၂၃ )စည်းကားသိုက်မြိုက်စွာကျင်းပ






MNP  -   ဇန်နဝါရီ  ၂၈

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးပြုလုပ်သော မြန်မာ့ခရီးသွားပြပွဲ ၂၀၂၃ (Myanmar Travel Fair 2023)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိဝန်ကြီးများရုံးဟောင်း (The Secretariat,Yangon)၌ ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက “၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတန်အသင့်ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ ခရီးသွားလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နေကြပြီဖြစ်ပါတယ်၊ မြန်မာနိုင်ငံအနေနဲ့လည်း ရောဂါဖြစ်ပွားမှုအခြေအနေကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုနေပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို အခါအားလျော်စွာဖြေလျှော့ပေးခြင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခြင်းများကြောင့် ၂၀၂၂ခုနှစ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုနဲ့ ခရီးသွားလာမှုပိုမိုတိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်၊ အသင်းအနေနဲ့ ပြည်တွင်းခရီးသွားပြပွဲသာမကဘဲ နိုင်ငံတကာခရီးသွားပြပွဲများလည်း ကျင်းပပြုလုပ်သင့်ပြီး မြန်မာနိုင်ငံမှာရေမြေတောတောင် သဘာဝအလှတရားများရှိပြီး လည်ပတ်သွားလာရန် အလွန်ပေါများတဲ့နိုင်ငံဖြစ်တဲ့အတွက် ခရီးစဉ်ဒေသများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါတယ်” ဟုပြောကြားသည်။


ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းတို့က အမှာစကားများပြောကြားကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးကြသည်။


အဆိုပါပြပွဲအား ခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ ပြပွဲတွင်ခရီးသွားလုပ်ငန်းရှင်များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ခရီးသွားအာမခံလုပ်ငန်းများ၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ တစ်စုတစ်စည်းတည်းဝယ်ယူနိုင်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးမြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ လက်ရှိခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ပြည်တွင်း (Inbound) ခရီးသွားကုမ္ပဏီ ၂၅၂၇ခု၊ ပြည်ပ (Outbound) ခရီးသွားကုမ္ပဏီ ၈၀၇ခု၊ ဟိုတယ်၃၇၄လုံးနှင့် တည်းခိုရိပ်သာ၁၁၀ခု ခွင့်ပြုပေးထားကြောင်း၊ ကိုဗစ်ကာလအတွင်း ဟိုတယ်များသာကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြပြီး ခရီးလှည့်လည်ရေးကုမ္ပဏီအများစုမှာ ရပ်နား ထားခဲ့ကြရသော်လည်း ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုနှင့် ခရီးသွားလာ မှုပြန်လည်တိုးတက်လာကြောင်းယနေ့ အခမ်းအနားမှ သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment