MNP ၊ ဇန်နဝါရီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ရခိုင်ပြည်နယ်၊ သံတွဲတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ရှိငပလီခန်းမ၌ သွားရောက် တွေ့ဆုံစဉ် တပ်မတော်အနေဖြင့် နိုင်ငံ၏ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အရာရှိ၊ စစ်သည်များအနေဖြင့် ရန်သူကို နေလိုမီးလိုကျင့်ရန်နှင့် ပြည်သူကို ရေလိုလလိုကျင့်ရန်လိုကြောင်း ထည့်သွင်းပြောကြားသွားသည်။
သံတွဲတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အားလုံးကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် အကြမ်းဖက်မှုများ မရှိစေရေးအတွက်လည်း ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဦးစွာပြောကြားပြီး ကမ္ဘာ့နိုင်ငံများတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ထိုကဲ့သို့သော မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ဘဲ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံ၌ ပညာရေးအားနည်းမှုများရှိသဖြင့် ပညာရည်မြှင့်တင်မှု လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ အတန်းပညာများရှိရန်လို အပ်သကဲ့သို့ စာဖတ်မှ စာတတ်မည်၊ စာတတ်မှ အသိပညာနှင့် အတတ်ပညာများ ရရှိမည် ဖြစ်ကြောင်း၊ စာပေပညာများတတ်ကျွမ်းမှသာလျင် သက်ဆိုင်ရာပညာရပ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ ပညာရည်မြင့်မားရေးအတွက်လည်း မိဘကောင်းသဖွယ်စိတ်ဓာတ်ဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တပ်မတော်သားများ၏ မိသားစုဝင်များ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရာရှိ၊ စစ်သည်များ ဗဟုသုတနှင့် အသိအမြင်များ တိုးတက်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များရှိ စာကြည့်တိုက်များတွင် စာအုပ်စာစောင်များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားကြောင်း၊ ထို့ကြောင့် အသိပညာအတတ်ပညာများ တိုးပွားရေးအတွက် စာအုပ်စာစောင်များကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ စားဝတ်နေရေးအပြင် အသိပညာနှင့် ဗဟုသုတများ ပြည့်စုံစေရေးအတွက်ကိုပါ ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိပြီး မိမိတို့၏လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံ၏ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အရာရှိ၊ စစ်သည်များအနေဖြင့် ရန်သူကို နေလိုမီးလိုကျင့်ရန်နှင့် ပြည်သူကို ရေလိုလလိုကျင့်ရန်လိုကြောင်း၊ နိုင်ငံ၏အကျိုးကိုဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ်ကို ကောင်းအောင်လုပ်ဆောင်ရန်၊ မိမိတို့တပ်မတော်ကိုကောင်းအောင် လုပ်ဆောင်ရန်နှင့် မိမိတို့နိုင်ငံကိုကောင်းအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
#MyanmarNationalPost

No comments:
Post a Comment