Pages

Pages

ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ဆုလျှောက်ထားလာသည့် ကျောင်းအား ကွင်းဆင်းစစ်ဆေး





MNP  -   ဇန်နဝါရီ  ၁၄

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်း အနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့သည်။ 


ထိုသို့စစ်ဆေးရာတွင် ကျောက်ဖြူခရိုင်ပညာရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်စစ်‌ဆေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ၊ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုလျှောက်ထားရာတွင် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်နှင့် အညွှန်းကိန်း(၁၇) ချက်ဖြင့်သာ ဆုရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဆုရွေးချယ်ရေး ကော်မတီဝင်များက ‌ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံ နှုန်း(၄)ချက်၊ အညွှန်းကိန်း (၁၇)ချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက မိမိတို့ ကျောင်းများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံပြသခဲ့ကြသည်။ 


ယင်းသို့ ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့သည့်ရလဒ်များအပေါ်မူတည်၍ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှဆု ရွေးချယ်ကာ ဆုရကျောင်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များက ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment