ဆရာဒကာလက်တွဲညီညာစွာ အရှိန်အဟုန်မပျက်ဆက်လက်၍ အားသွန်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါလျှင် သာသနာ့တက္ကသိုလ်ကြီးများသည် ဗုဒ္ဓဓမ္မဆိုင်ရာတက္ကသိုလ်များနှင့် ပရိယတ်စာပေတို့တွင် ဦးဆောင်အခန်းကဏ္ဍ၌ရှိနေမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကို လျှောက်ထားတင်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာဒကာလက်တွဲညီညာစွာ အရှိန်အဟုန်မပျက်ဆက်လက်၍ အားသွန်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါလျှင် သာသနာ့တက္ကသိုလ်ကြီးများသည် ဗုဒ္ဓဓမ္မဆိုင်ရာတက္ကသိုလ်များနှင့် ပရိယတ်စာပေတို့တွင် ဦးဆောင်အခန်းကဏ္ဍ၌ရှိနေမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကို လျှောက်ထားတင်ပြ



MNP ၊ ဖေဖော်ဝါရီ ၂၅

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၃)အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရက အဖွဲ့အစည်းတစ်ခုရေရှည်ရပ်တည်ရေးအတွက် အဖွဲ့ဝင်များ၏ အမြဲ မပြတ်တိုင်ပင်နှီးနှောဆွေးနွေးပြောဆိုကြခြင်းသည် အဖွဲ့အစည်းတစ်ခုကြီးပွားတိုးတက် ခြင်းပင်ဖြစ်ကြောင်း၊ ဤအဖွဲ့အစည်း၏ကဏ္ဍအသီးသီးတွင် တာဝန်အမျိုးမျိုးကိုယူထားကြ သော ပုဂ္ဂိုလ်အားလုံးတို့သည် မိမိတို့၏တာဝန်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လုပ်ကိုင်ကြရာ၌ အားသာချက်အားနည်းချက်များကို အပြန် အလှန်တင်ပြဆွေးနွေးညှိနှိုင်းကြခြင်းဖြင့် အနာဂတ်ခရီးဖြောင့်ဖြူးရေးအတွက် စီမံကိန်းများချမှတ် ဆောင်ရွက်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၊ သုခါသဒ္ဓမ္မဒေသနာ၊သုခါ သံဃဿသာမဂ္ဂီ၊ သမဂ္ဂါနံတပေါသုခေါ- ဟူ၍ ဟောကြားတော်မူ အပ်သော သုခတရားလေးပါးတို့တွင် သုခါသံဃဿသာမဂ္ဂီ၌ သံဃာဟူသည် ဤနေရာ၌ သာသနာ့ဝန်ထမ်းရဟန်းသာမဏေများကိုသာ ဆိုလိုသည်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု၊ အသိုက်အဝန်းတစ်ခုကိုကိုယ်စား ပြုသည့်ပုဂ္ဂိုလ်များအားလုံးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်အားလုံးတို့သည် ကိုယ်ရောစိတ်ပါ ညီညီညွတ်ညွတ်ဖြင့် မေတ္တာပုဗ္ဗင်္ဂမ စိတ်ဓာတ်ကိုလက်ကိုင်ထားပြီး ပြုမူပြောဆိုဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်သြဝါဒကထာ မြွက်ကြားသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထားရာတွင် နိုင်ငံတော်တွင် ဘာသာသာသနာနှင့်ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့လှူဒါန်းမှုဖြင့် သာသနာ့တက္ကသိုလ်များထူထောင်ရန် စီမံကိန်းချဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၌ ပညာသင်ကြားရေးဌာန ခုနစ်မျိုးရှိကြောင်း၊ ခုနစ် မျိုးထဲမှမဟာဌာနကြီးသုံးခုတွင်ပါဝင်သော ဘာသာရပ်လေးမျိုးကို ဟောပြောမှုပုံစံဖြင့် သင်ကြားခြင်း၊ ပုံစံထုတ်၍ရှင်းပြခြင်း၊ နိယံ, အဋ္ဌကထာနှင့် ဋီကာအဆိုတို့အရ ဥပဒေသထုတ်ပြခြင်း၊ လက်တွေ့ကျကျလေကျင့်စေခြင်း၊ လုပ်ငန်းပေးလေ့ကျင့်စေခြင်း၊ ကိုယ်ကျင့်တရားထက်မြက်စေရန် လမ်းညွှန်မှုပေးခြင်းဟူသော သင်ကြားနည်းခြောက်မျိုးဖြင့် မွမ်းမံသင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ပရိယတ္တိပညာရေးရေရှည်တည်တံ့ခိုင်မြဲစေရေးရှေးရှုကာ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်နှစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၃၇ နှစ်တာ ကာလသို့ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း၊ ယခုအခါ ဤသာသနာ့တက္ကသိုလ်များမှ သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရ ၂၆၅၃ ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ(M.A)ဘွဲ့ရ ၄၈၄ ပါး၊ သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D)ဘွဲ့ရ ၁၄ ပါး၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ (D.Litt)ဘွဲ့ရငါးပါး စုစုပေါင်း ၃၁၅၆ ပါး ပေါ်ထွန်းခဲ့ပြီး မိမိတို့စွမ်းရာစွမ်းရာ နယ်စပ်နှင့်တောင်တန်းဒေသများတွင် ကြွရောက်သာသနာပြုလျက်ရှိကြောင်း။

ဆရာတော်ကြီးများ၏ ဩဝါဒလမ်းညွှန်ချက်ကိုခံယူလျက် ဆရာဒကာလက်တွဲညီညာစွာ အရှိန်အဟုန်မပျက်ဆက်လက်၍ အားသွန်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါလျှင် ဤ သာသနာ့တက္ကသိုလ်ကြီးများသည် ဗုဒ္ဓဓမ္မဆိုင်ရာတက္ကသိုလ်များနှင့်၊ ပရိယတ်စာပေတို့တွင် ဦးဆောင်အခန်းကဏ္ဍ၌ရှိနေမည်ဟု ယုံကြည်ပါကြောင်း လျှောက်ထားသည်။

ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ချက်များနှင့် တက္ကသိုလ်များဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးတင်ပြချက်တို့ကို လျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော်၊ သာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တစန္တနသာရက နိဂုံးချုပ်ဩဝါဒါကထာမြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ကြွရောက်လာသော ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)