MNP ၊ မတ် ၁၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အလှူငွေများထည့်ဝင်ပေးကြသည့် စေတနာရှင်များနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးသည့် စေတနာရှင်ပြည်သူများနှင့်စေတနာ့ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင်(၂) ဦးဦးကျော်နုက ရငွေ သုံးငွေ ငွေစာရင်း ရှင်းတမ်းအား ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် သုံးစွဲပြီး ဆေးလက်ကျန်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အလှူငွေများထည့်ဝင်လှူဒါန်းပေးကြသည့် စေတနာရှင်ပြည်သူ(၃၀) ဦးနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် မြို့နယ်ကြက်ခြေနီအသင်းနှင့် ပရဟိတစေတနာ့ဝန်ထမ်းများကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများအား ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နီထွန်းအောင်
#MyanmarNationalPost




No comments:
Post a Comment