Pages

Pages

ပွင့်ဖြူမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးလုံလေလုံအားကစားရုံအဆောက်အအုံသစ် အကောင်အထည်ဖော်ဆောက်လုပ်


MNP   -   မတ်   ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအားလပ်ချိန်များ၌ အားကစားလေ့ကျင့်နိုင်ရေးအတွက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးမှ သိရသည်။


အဆိုပါ အကောင်အထည်ဖော်တည်ဆောက်နေသည့် မိုးလုံလေလုံအားကစားရုံ အဆောက်အအုံမှာ အလျား ၁၂၀ ပေ ၊ အနံ ၉၀ ပေ ရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၂၃ ဒသမ ၇၉၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Advanaced Generation Technology Co.Ltd (AGT) ကုမ္ပဏီက ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်ကာ Steel Structure အမျိုးအစား မိုးလုံလေလုံအားကစားရုံ အဆောက်အုံသစ်အား တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်းသိရကာ ယခုအခါလုပ်ငန်းတည်ဆောက်ပြီးစီးမှု ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းမိုးလုံလေလုံအားကစားရုံသစ် တည်ဆောက်ဆောက်နေမှုလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးရေး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပြီးစီးပါက  မြို့နယ်အတွင်းအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းတွင်းကျင်းပမည့် အားကစားပြိုင်ပွဲများစွာကို စီစဉ်ကျင်းပသွားနိုင်မည်ဖြစ်ကာ အားကစားဝါသနာရှင် မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက် စိတ်အေးပျော်ရွှင်စွာအားကစားနည်းများကို လေ့ကျင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောပြ၍ သိရသည်။  


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment