Pages

Pages

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား




MNP ၊  မတ်  ၆

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်‌နေ့၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

စေတီတော်မြတ်ကြီးမှာ ရန်ကုန်-မော်လမြိုင်‌အဝေးပြေးလမ်းမကြီးနံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြှော်နိုင်ရာ အများပြည်သူ ပိတ်ရက်ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲ အစရှိသည့် အောက်မြန်မာပြည် ဘုရားဖူး အပန်းဖြေခရီးထွက်သူအများစုတို့ ခရီးတစ်ထောက်နား ဝင်ရောက်ဖူး‌မျှော်လေ့ရှိပြီး မြို့၏အထင်ကရစေတီလည်းဖြစ်သည့်အလျှောက် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြှော်ကုသိုလ်ပြုလေ့ရှိသောကြောင့် စည်ကားကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပေါင်းလပြည်နေ့တွင် နံနက်ပိုင်းမှစတင်ကာ ရွှေစာရံစေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြခြင်း၊ တရားဘာဝနာများ ပွားများခြင်း စသည့် ကုသိုလ်အမျိုးမျိုးတို့ကို ပြည်သူအများအပြားက အေးချမ်း‌စွာလာရောက်ပြုသူများဖြင့် စည်ကားများပြားခဲ့သည်။

သမိုင်းမှတ်တမ်းများအရ သထုံရွှေစာရံစေတီတော်မြတ်ကြီးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်၊ သူရိယစန္ဒာမင်းကြီးလက်ထက်၌ တည်ထားကိုးကွယ်ခဲ့ပြီး ကကုသံဘုရားရှင်၏ ဆံတော်ရှစ်ဆူ၊ ကောဏဂုံဘုရားရှင်၏ တောင်ဝှေးတော်၊ ကဿပဘုရားရှင်၏ မြသပိတ်တော်နှင့် ဂေါတမဘုရားရှင်၏ သွားတော်‌လေးဆူတို့ဖြင့် ဘုရားရှင်‌လေးဆူတို့၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်း ပူဇော်ထားသောကြောင့် လေးဆူဓာတ်စံရွှေစာရံစေတီဟူ၍ အနယ်နယ်အရပ်ရပ်၌ ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။


နဒီ

#MyanmarNationalPost




No comments:

Post a Comment