မြောင်းမြမြို့ ရတနာ့ဂုဏ်ရည် ပရိယတ္တိ သီလရှင်စာသင်တိုက်၌ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့ ရတနာ့ဂုဏ်ရည် ပရိယတ္တိ သီလရှင်စာသင်တိုက်၌ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ အခမ်းအနား ကျင်းပ



MNP ၊ မတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အမှတ် (၉) ရပ်ကွက် ရတနာ့ဂုဏ်ရည် ပရိယတ္တိ သီလရှင်စာသင်တိုက်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ဆက်ကပ် လှူဒါန်းသော ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ သီလရှင်ဆရာကြီး ဒေါ်ပိယဝတီ (သာသနဓဇ ဓမ္မာစရိယ) အား ပူဇော်သော ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက ရတနာ့ဂုဏ်ရည် ပရိယတ္တိ သီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားအား နမောတဿ ဘုရားရှိခိုးဖြင့် ဖွင့်လှစ်ခဲ့ပြီး နိုင်​ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ မြောင်းမြမြို့ အလယ်တောရ ကျောင်းတိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ရွှေစက်တော်ရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစာရသိရီ အရှင်သူမြတ်က သမ္မောဒနီယ သြဝါဒကထာမြွက်ကြားချီးမြှင့်ခဲ့သည်။


ဆက်လက်ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့‌ ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ဒေါ်ပိယဝတီ (သာသနဓဇဓမ္မာစရိယ)အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး မြို့နယ် သာသနာရေးမှူး ဦးကျော်ရဲအောင်က သီလရှင်ဆရာကြီး ဒေါ်ပိယဝတီ၏ အတ္ထုပ္ပတ္တိ အကျဥ်းကို ဖတ်ကြားလျှောက်ထားပြီး မန္တလေးမြို့ ဆံတော်ရှင်းတိုက် ဇေယျဝတီပရိယတ္တိ စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ရူပထေရီက ဂါထာတော်များကို ဖတ်ကြား ချီးမြှင့်ပါသည်။


ထို့နောက် ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အလယ်တောရဆရာ​တော်ဘုရားကြီးက အနုမောဒနာတရား ချီးမြှင့်ခဲ့သည်။


ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အခမ်းအနားတွင် တေးသံရှင် ခင်ပြည့်လျှံက ရတုပိုဒ်စုံများ ပူဇော်ခဲ့​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)