ဆရာကြီးခင်ဗျား -
ဆရာကြီးသည် ကျွန်တော်မောင်ဌေးဝင်း= ကိုဌေး(နတ်မောက်)၏ မြင်ဆရာ ကြားဆရာဖြစ်ပြီး ဆရာကြီးနှင့် သုံးလေးကြိမ်တွေ့ဆုံရစဉ် ဖုန်းပြောရစဉ် သမိုင်းလေ့လာနည်းတို့ကို အချိန်တိုအတွင်း သွယ်ဝိုက်သင်ကြားပေးပါ၍ သင်ဆရာလည်းဖြစ်ပါသည်။ ဤစာရေးရခြင်းမှာ KG + 10 စနစ် Grade 10 မြန်မာ့သမိုင်းသင်ရိုး =1986မှ 2015ထိ သမိုင်းစာအုပ်နှင့် KG +12 စနစ် Grade 10 မြန်မာ့သမိုင်းသင်ရိုး=2020 ထုတ်ဝေစာအုပ် ၂ ခုတွင် မည်သည့်သမိုင်းသင်ရိုးစာအုပ်က ( သမိုင်းအသိအတတ် ပို၍ပေးကြောင်း၊ သမိုင်းစာအုပ်အစစ်ဖြစ်၍ သမိုင်းလေ့လာသင်ယူသူတို့နှင့် ထိုက်တန်သော သင်ရိုးဖြစ်ကြောင်း) သမိုင်းဆရာကြီးဖြစ်သော ဆရာကြီးဒေါက်တာတိုးလှ၏ ဆုံးဖြတ်ချက်ကိုသိလိုပါ၍ Myanmar National Post မှတဆင့် ရိုသေလေးစားစွာ မေးမြန်းတင်ပြသောစာဖြစ်ပါသည်။
ဤသို့ မေးမြန်းရသည်မှာလည်း နိုင်ငံနှင့် လူမျိုးအကျိုးအတွက်သာမက ပညာရေးစိတ်ပါဝင်စားသူများအတွက်လည်းဖြစ်ပါသည်။
ဆရာကြီးခင်ဗျား -
ကျွန်တော့် သုံးသပ်ချက်ကို အရင်ပြောရလျှင်၊ အတန်းတိုင်း၊ ဘာသာရပ်တိုင်း သင်ရိုးများတွင် ပညာရပ် အသိအတတ်ကို KG+10 သင်ရိုးက၊ KG+12သင်ရိုးထက်ပိုပေးပါသည်။ ဆရာကြီး ဆုံးဖြတ်ပေးစေလိုသော သမိုင်းကို ကျွန်တော်ဝေဖန်ပြပါမည်။ KG+10 သမိုင်းကို ကျွန်တော်ကျောင်းသားဘဝကလည်း သင်ယူဖူးပြီး ဆရာဖြစ်တော့လည်း သင်ကြားပေးခဲ့ရာ၊KG+10 , G-10သမိုင်းသင်ရိုးသည် အသက် ၁၅နှစ် + အရွယ်တပည့်တို့နှင့် ကိုက်ညီသော သမိုင်းအသိအတတ်တို့ကို ပေးသည့်ပြင် အသက်အရွယ်မရွေး သမိုင်းလေ့လာသူများ လေ့လာရန် ထိုက်တန်သော အဆင့်ရှိ သင်ရိုးစာအုပ်ဖြစ်ပါသည်။
ဆရာကြီးခင်ဗျား -
၂၀၁၆ KG+12 စနစ်အရ ဖြစ်လာသော၂၀၂၀ခုထုတ် G - 10 မြန်မာ့သမိုင်းစာအုပ်သည် သမိုင်းလေ့လာသင်ယူခါစ တပည့်တို့ကိုရော သင်ကြားသူဆရာများနှင့် ပြင်ပလေ့လာသူများကိုပါ သမိုင်းအသိအတတ်မရစေရန် တမင်ရည်ရွယ်ပြုစုထားသော သင်ရိုးစာအုပ်ဖြစ်သည်ဟု ပြတ်သားစွာဝေဖန်ပါသည်။ သမိုင်းသင်ရိုး မဖြစ်ထိုက်သော စာအုပ်ဟုပြင်းပြင်းထန်ထန် သုံးသပ်ပါသည်။ အကြောင်းပြချက်များကို အောက်တွင်ဖော်ပြပါသည်ခင်ဗျား။
(a) ဆရာကြီးဒေါက်တာသန်းထွန်းက (Cause=အကြောင်းရယ်၊ Event=အဖြစ်အပျက်ရယ်၊ Result=အကျိုးရယ်၊ ဒီသုံးခုဆက်မှ သမိုင်းဖြစ်တယ်။ သမိုင်းဆိုတာ အကျဉ်းဆုံးပြောရရင် သင်ခန်းစာပေးတာ။ ပြီး-ပြီးသားအဖြစ်အပျက်ကို အကျိုးရယ်၊ အကြောင်းရယ် စဉ်းစားပြီးရေးတယ်။ အဲဒါကိုပရိတ်သတ်လက်ထဲ ထည့်ပေးလိုက်တဲ့အခါကျတော့ အဲဒါသင်ခန်းစာပဲ လို့ သိကြတာပေါ့။ မကောင်းတာဆိုရင်၊ ဒါမျိုး - ဒါမျိုးတွေမဖြစ်စေနဲ့။ ကောင်းတာဆိုရင် နောင်ဒါ့ထက်ကောင်းအောင်လုပ်မယ်လို့ ဆန္ဒပြု။ အဲဒီသင်ခန်းစာအတွက် သမိုင်းရေးတာ..) ဟု "သမိုင်းနှင့်စကားပြောခြင်း" စာအုပ်စာ -34 & 35 တွင်ဖော်ပြထားပါသည်။
(b) KG+10 စနစ် G-10သမိုင်း=ဥပမာ 1992-93ထုတ်သင်ရိုးစာအုပ် သည် ဆရာကြီးဒေါက်တာသန်းထွန်း မိန့်ဆိုသည့်အတိုင်း မြန်မာ့အတိတ်အဖြစ်အပျက်တို့ကို ဖြစ်စဉ်အတိုင်းစဉ်ကာ ပရိတ်သတ်ဖြစ်သော ဆရာနှင့် တပည့်အပါအဝင် အခြားသမိုင်းလေ့လာသူတို့လက်ထဲ အကြောင်း အကျိုး သိတတ်စေအောင် ရေးထည့်ပေးသော သမိုင်းစစ်စစ်သင်ရိုးဖြစ်ပါသည်။ 1965 မှ 2015 ထိ G-10 သမိုင်းသင်ရိုးတို့ကို လေ့လာပြီးသည်နှင့် သမိုင်းဗဟုသုတ 40%ရသည်။ ဆရာကောင်းအကူအညီနှင့်ဆိုလျှင် သမိုင်းအသိအတတ်အနည်းဆုံး 80%ရသည်။ ဆရာကြီးကတော့ မာတိကာစဉ်မြင်လိုက်ရုံနှင့် သမိုင်းစစ်စစ်သင်ရိုးဖြစ်ကြောင်း သိပါမည်။ သမိုင်းနယ်နှင့်ဝေးသူများလည်း အောက်ဖော်ပြပါ မာတိကာစဉ်ကို လေ့လာရုံနှင့် မြန်မာ့သမိုင်းဖြစ်စဉ်ကို အကြမ်းဖျင်းမြင်နိုင်ပါသည်။ မာတိကာတွင် အပိုင်းသုံးပိုင်း ပါဝင်သည်။ အပိုင်း(က)ရှေးဟောင်းမြန်မာနိုင်ငံတွင်-
၁။ ရှေးဟောင်းမြို့ပြနိုင်ငံများပေါ်ပေါက်လာခြင်း။
၂။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ ပါသောယေဘုယျအခြေအနေတို့ပါဝင်သည်။
အပိုင်း(ခ)မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် -
၁။ ပုဂံဧကရာဇ်နိုင်ငံတော်။-
၂။ ပဒေသရာဇ်နိုင်ငံငယ်များ။
၃။ ဟံသာဝတီဧကရာဇ်နိုင်ငံတော်။
၄။ အင်းဝဧကရာဇ်နိုင်ငံတော်။
၅။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တို့ပါဝင်သော ဧကရာဇ်နိုင်ငံတော်များ၏ ယေဘုယျအခြေအနေ။ အပိုင်း(ဂ) မြေရှင်ပဒေသရာဇ်ခေတ်နှောင်း၊ ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်တွင် -
၁။ အစောပိုင်းကာလ။
၂။ နှောင်းပိုင်းကာလ ဟုခွဲခြားဖော်ပြထားသည်။
ထိုအပိုင်းသုံးပိုင်းကို မိမိဘာသာလေ့လာသူကော ဆရာနှင့် အတူလေ့လာသူပါ အပိုင်း(က)အကြောင်းကြောင့် အပိုင်း(ခ)အကျိုးဖြစ်၊ အပိုင်း(ခ)အကြောင်းကြောင့် အပိုင်း(ဂ)အကျိုးဖြစ် ဆိုသော သင်ခန်းစာကို ဆက်စပ်သိမြင်သွားသည်။ ထို့ကြောင်ဆရာကြီးဒေါက်တာသန်းထွန်း အဆိုအမိန့်နှင့် ကိုက်ညီသော သမိုင်းစစ်စစ်ကို ကျွန်တော်သိမီသည့် 1969 မှ 2015 ထိ၊ တန်းစဉ် သမိုင်းသင်ရိုးပြုစုသူဆရာများက ပြုစုပေးခဲ့ပါသည်။
(c) ဆရာကြီးဒေါက်တာသန်းထွန်းက -(သမိုင်းဆရာကနေ ဝေဖန်စီစစ်တဲ့ ပုံစံနဲ့ရေးတဲ့အခါမှာ သင်ခန်းစာဖြစ်တယ်။ "အဖြစ် အပျက်ကို စီပေးရုံနဲ့ သင်ခန်းစာမဖြစ်ဘူး။ ဒီနေ့-ဒီနာရီမှာ ခင်ဗျားတို့လာတယ်။ ခင်ဗျားတို့မေးတာဖြေတယ်။ခင်ဗျားတို့ပြန်သွားတယ်။ အဲဒီမှတ်တမ်းက ဖြစ်စဉ်မှတ်တမ်း=Chronology ခေါ်တယ်။ အခုလူတော်တော်များများက Chronology ကို သမိုင်းထင်နေကြတယ်") ဟု သမိုင်းနှင့်စကားပြောခြင်း၊ စာ-35တွင် တွေ့ဆုံမေးမြန်းသူများကို ဖြေထားပါသည်။
(d)ဆရာကြီးဒေါက်တာတိုးလှခင်ဗျား -
ယခု KG+12စနစ်2020 - 21 G-10မြန်မာ့သမိုင်းသင်ရိုးသည်Chronology သာ ဖြစ်ပြီး ထိုဖြစ်စဉ်မှတ်တမ်းကိုပင်စနစ်တကျ စီစဉ်ထားခြင်းမဟုတ်။ (ဝတ်ကျေတန်းကျေ)မှတ်တမ်းဖြစ်သည်ကို 2020-21,G-10 သမိုင်းမာတိကာအခန်း(၄)ခန်း ဖတ်ရုံနှင့် သမိုင်းပညာရှင် ဆိုလျှင်သိနိုင်ပါသည်။
အခန်း(၁)ရှေးဦးယဉ် ကျေးမှုအမွေအနှစ်။
အခန်း(၂)ပုဂံယဉ်ကျေးမှုအမွေအနှစ်။
အခန်း(၃)အလယ်ခေတ်ယဉ်ကျေးမှုအမွေအနှစ်။
အခန်း(၄)မန္တလေးယဉ်ကျေးမှုအမွေအနှစ် ဟုဖြစ်သည်။
ဆရာကြီးဒေါက်တာတိုးလှခင်ဗျား -
(ယဉ်ကျေးမှုကဏ္ဍ) ဟူသည် သမိုင်းဝင်ဖြစ်ရပ်ထဲမှ ကဏ္ဍငယ်တခုသာဖြစ်ပြီး၊ ခေတ်တခေတ်သမိုင်းလေ့လာလျှင်ယဉ်ကျေးမှုတခုထဲ ကွက်လေ့လာ၊ သင်ကြားပို့ချရုံနှင့် မပြည့်စုံဆိုသည်ကို NLDခေတ် သမိုင်းသင်ရိုး ရေးသူများ နားမလည်ဟုဝေဖန်လိုပါသည်။ တကယ်တော့ သိသင့်သိထိုက်သည့် အရေးပါသော အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ နိုင်ငံခြားဆက်သွယ်ရေး စသည်တို့ကို လေ့လာသင်ယူရင်း ယဉ်ကျေးမှုအခန်းကဏ္ဍငယ်က ပါဝင်သွားမည်ဖြစ်ပါသည်။
KG+12စနစ် G-10 သမိုင်းကို အမည်ခံသမိုင်းပညာရှင် ဆိုသူများက ပြီးစလွယ် သာမန်ကာလျှံကာ ရေးထားကြောင်း မာတိကာကြည့်ရုံနှင့်ပင် သမိုင်းပညာရှင်အစစ်များက သိနိုင်ပါသည်။
(e) 2020-ခု ဇန်နဝါရီလ အုပ်ရေ ၅၂၃၈၆၇အုပ်ထုတ်ဝေခဲ့သော G-10သမိုင်းပြုစုသူ ပညာရှင်အမည်ခံများ ကိုယ်တိုင် ၁၉၆၉ မှ ၁၉၈၈ ထိ KG+10စနစ် G-10သမိုင်းကို သင်ယူသင်ကြားဖူးခဲ့၍လည်းကောင်း၊ တချို့ ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာကြီးဒေါက်တာတိုးလှတို့ တိုက်ရိုက် သွယ်ဝိုက် တပည့်များဖြစ်၍ ပညာအားမညံ့ပါ။ သို့သော်လည်းစေတနာအား အလွန့်အလွန်ညံ့သည်ဟု ပြင်းပြင်းထန်ထန်ဝေဖန်ပါသည်။ (ယဉ်ကျေးမှုကဏ္ဍ)တခုသာ တင်ပြထား၍ သမိုင်း၏ အသက်ဖြစ်သော အချုပ်အခြာအာဏာထိပါးမှု၊ ပြည်ပကျူးကျော်စစ်ကို တမျိုးသားလုံးခုခံတော်လှန်မှု၊လွတ်လပ်ရေးဆုံးရှုံးမှု၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု စသည့်သမိုင်းစစ် သမိုင်းအကြောင်းအရာများကို၊ လေ့လာသူပရိတ်သတ်အပါအဝင် ဆရာတပည့်တို့ မတတ်မသိအောင် ယုတ်မာစွာ တမင်ပြုစုထားသည်ဟု သုံးသပ်ပါသည်။
(f) ယဉ်ကျေးမှုနယ်ပယ်ကို ပြုစုထားရာတွင်လည်း အဆောက်အဦယဉ်ကျေးမှုများသာဖြစ်သည်။ ဥပမာ အခန်း(၄) မန္တလေးယဉ်ကျေးမှုအမွေအနှစ်တွင် ခေါင်းစဉ်ခွဲ ၄.၁ မှ ၄.၆ ထိ (၆)ခုပါသည်။ ထို၆ခုသည် အဆောက်အဦ ယဉ်ကျေးမှုသာဖြစ်သည်။ ယဉ်ကျေးမှုနယ်ပယ်အစုံ ပါဝင်ခြင်းမရှိ။ အခန်းခွဲ ၄.၄.၆ စာ၉၂ ပါ ''ရွှေနန်းတော်ကျောင်း'' အကြောင်းတွင် (ထိုကျောင်းကို သီပေါမင်းဆောက်လုပ်လှူဒါန်းကြောင်း၊ အုတ်လှေကားငါးစင်းတပ်ဆင်ထားပြီး ခြူးပန်းခြူးနွယ်များ၊ ရုပ်ကြွများဖြင့် တန်ဆာဆင်ထားသော တံခါးပေါက်များရှိကြောင်း၊ ၁၈၈၃ခုတွင်ပြီး၍ ရွှေပိန်းချ မျက်နှာကြက်ပန်းများ၊ သစ်သားပန်းပုရုပ်ကြွများ၊ အပြောက်အမွမ်းများဖြင့် တန်ဆာဆင်ထားကြောင်း) စသည်ဖြင့် ဝါကျ ၅ကြောင်းထဲသာ ဖြစ်ကတတ်ဆန်းတင်ပြထားသည်။ ဤသို့ပင် အခန်း ၂ နှင့် ၃ တို့မှာ စေတီ၊ ဂူဘုရား၊ ကျောင်း၊ ဖိုးဝင်းတောင်စသည်တို့တည်နေရာ၊ ပုံသဏ္ဍန်၊ လက်ရာ၊ အချိန်ကာလ စသည်တို့ကို ဝတ်ကျေတန်းကျေ ဖြစ်စဉ်မှတ်တမ်းများ ပြုစုထားသည်။
(g) ထိုသို့ ဝတ်ကျေတန်းကျေတင်ပြထားသော်လည်း စာ - ၃၀ ၌ (သာသနာကိုမြေလှူမှုများလာသောကြောင့် သာသနာ့မြေတိုးတက်လျက်ရှိရာ မင်း၏ဘဏ္ဍာလျော့နည်းရသည်သာမက ပုဂံနိုင်ငံတော်၏ အင်အားလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ရသည်) ဟု ပုဂံခေတ်ကို ကောက်ချက်ချမှု သင်ကြားစေသည်မှာ လေ့လာသူနှင့် ဆရာတပည့်အပေါ် ဗုဒ္ဓဘာသာကြောင့် တိုင်းပြည်နစ်နာရသည်ဟု အဆိပ်ခတ်လိုက်ခြင်းဖြစ်သည်။
1969 မှ 2015 ထိ ယခင် G-10 သမိုင်းတွင် ထိုကောက်ချက်မပါ။ ထိုမမှန်မကန်ကောက်ချက်ကို သူရိယနေဝန်းဂျာနယ်မှတဆင့် ဆရာမောင်ဖြူစင်(ကော့မှူး)က ၂၀၂၀ခုက တုန့်ပြန်ဝေဖန်ထားပါသည်။ ကျွန်တော်ကလည်း ဆရာကြီးဒေါက်တာတိုးလှထံ ထိုကောက်ချက်မှန်သလားဟု မေးခဲ့ရာဆရာကြီးက မမှန်ကြောင်း ဖုန်းထဲမှဖြေကြားခဲ့ပါသည်။ ယခုလည်း ထိုကောက်ချက်မှန်ပါသလားဟု ဆရာကြီးကိုထပ်မေးပါသည် ခင်ဗျား။
သမိုင်းကိုလေ့လာသင်ယူခြင်းဖြင့် ဇာတိမာန်ထက်သန်ခြင်း၊ မျိုးချစ်စိတ်၊ နိုင်ငံလူမျိုးချစ်စိတ်၊ ကာကွယ်လိုစိတ် စသည်တို့ ရရှိစေရာ KG+12 သင်ရိုးသည် ထိုကောင်းမြတ်သော စိတ်တို့ မရအောင် မသိမတတ်အောင် ပက်စက်ယုတ်မာစွာတမင်ဖန်တီးထားသည်ဟု ပြင်းပြင်းထန်ထန်သုံးသပ်ပါသည်ခင်ဗျား။
၄။ နိဂုံးအားဖြင့် ကျွန်တော်သည် အခြေခံပညာမှ အညတြဆရာတဦးဖြစ်ပြီး ဆရာကြီးတို့က ပညာရေးကို ဖန်တီးစီမံသူ (သို့) ထိုစီမံသူများနှင့် နီးကပ်သူ ဝေဖန်အားကောင်းသူများ ဖြစ်ကြပါသည်။ ပညာရေးပျက်စီးမှု (သို့) ဖျက်ဆီးမှုတွင် ယနေ့ပညာရေးနယ်မှ ကျွန်တော့်လို အညတြများကော ဆရာကြီးတို့လိုထင်ရှားသူများပါ တာဝန်ရှိသည်ဟု ခံယူပါ၍ ဤမေတ္တာရပ်ခံစာကို Myanmar National Post မှတဆင့် ပညာရေးစိတ်ဝင်စားသူများကော တာဝန်ရှိသူများပါ သိရန် ဆရာကြီးထံ ရိုသေစွာတင်ပြခြင်းဖြစ်ပါသည်။
၅။သို့ပါ၍ ဆရာကြီးအနေဖြင့် ကျွန်တော်ဝေဖန်ထားသော (a မှ g) ထိ သုံးသပ်ချက်များ မှားလျှင် ဘယ်လိုမှားကြောင်း၊ယခုသမိုင်းသင်ရိုးက ယခင်သမိုင်းသင်ရိုးထက် ကောင်းလျှင် ဘယ်လိုဘာ့ကြောင့်ကောင်းကြောင်း၊ ဆရာကြီးဒေါက်တာသန်းထွန်းအဆိုနှင့် ယခုသမိုင်းညီလျင် ဘယ်လိုညီကြောင်း စသည်တို့ကို ဤဂျာနယ်မှတဆင့်သော်လည်းကောင်း၊ အခြားသင့်လျော်ရာ ဂျာနယ်မှသော်လည်းကောင်း ရေးသားဖြေကြားပေးပါရန်နှင့် စာရေးချိန် မရှိပါက ဆရာကြီးထံကျွန်တော်ဆက်နေကျ ဖုန်း ၀၉၂၅၆၃၂၈၄၀၀ သို့ ဖြေကြားပေးပါရန် မေတ္တာရပ်ပါသည်ခင်ဗျား။
၂၀၂၁-၂၂ G-8 သမိုင်းသင်ရိုး ဝေဖန်ချက်လည်း ပေးပိုပါဦးမည်ခင်ဗျား။ စာကြွင်း။ ဆရာကြီးထံမှ ၂၀၂၃ ဇွန်လကုန်ထိပြန်ကြားမှုမသိရလျှင်၊ ဆိတ်ဆိတ်နေ ဝန်ခံဟု မြန်မာစကားအရ ကျွန်တော်၏ ဝေဖန်မှုကို သဘောတူသည်ဟု မှတ်ယူပါမည်။ ဆရာကြီး၏ တပည့်နှစ်ဦးထံလည်း ဖုန်းဖြင်ဆက်သွယ်ထားပါသည်။
ရိုသေလေးစားသောတပည့်
ကိုဌေး(နတ်မောက်)
#MyanmarNationalPost

No comments:
Post a Comment