အရည်အချင်းပြည့်မီသော ဇီဝနည်းပညာ သုတေသနပညာရှင်များအား စဉ်ဆက်မပြတ်မွေးထုတ်သွားရန် ဒုဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရည်အချင်းပြည့်မီသော ဇီဝနည်းပညာ သုတေသနပညာရှင်များအား စဉ်ဆက်မပြတ်မွေးထုတ်သွားရန် ဒုဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြောကြား


MNP ၊ ဧပြီ ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ကြည့်ရှု စစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်နှင့် သုတေသနပညာရှင်များက ရှင်းလင်းတင်ပြသည်။

ယင်းနောက်ဒုတိယဝန်ကြီးက တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများကိုမြှင့်တင်ဆောင်ရွက်ရင်း အရည်အချင်းပြည့်မီသော ဇီဝနည်းပညာ သုတေသနပညာရှင်များအား စဉ်ဆက်မပြတ်မွေးထုတ်သွားရန်၊ နိုင်ငံတော်ရှိ ကြွယ်ဝပြီးအရင်းအမြစ်များကို အံဝင်ဂွင်ကျအသုံးချကာ လက်တွေ့ကျသောသုတေသနလုပ်ငန်းများကို ထိရောက်ပီပြင်စွာ ဆောင်ရွက်၍ နိုင်ငံ့အကျိုးပြု MSME လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် အလေးပေးဆောင်ရွက်ရန်၊ သုတေသနရလဒ်များအား ပြည်သူနှင့်တောင်သူများ၏ လက်ဝယ်အရောက်ဖြန့်ဖြူးရေးကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန်၊ သမားရိုးကျသုတေသနလုပ်ငန်းများမှသည် Quick Win ဖြစ်စေမည့် ဆန်းသစ်တီထွင်မှုများမှ ဇီဝထုတ်ကုန်သစ်များရရှိရေးအတွက် ဦးစားပေးလုပ်ငန်းများ သတ်မှတ်ဆောင်ရွက်ရန်၊ အပင်ဇီဝနည်းပညာကို အမျိုးသားအဆင့်သို့ ရောက်ရှိအောင် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်ရန်၊ ဆက်စပ်ဝန်ကြီးဌာနများ၊ တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ ခိုင်မာအားကောင်းသည့် ဇီဝနည်းပညာသုတေသနအသိုက်အဝန်းတစ်ခုထူထောင်၍ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်များဖန်တီးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ် ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အပင်တစ်သျှူးမျိုးပွားသုတေသန ဓာတ်ခွဲခန်း၊ ပရဆေးသုတေသနဓာတ်ခွဲခန်း၊ ဇီဝထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစဉ်ဖွံ့ဖြိုးရေးဌာန (အဏုဇီဝမှိုဓာတ်ခွဲခန်း)၊ မြေမဲ့စိုက်ပျိုးခြင်း သုတေသနလုပ်ငန်း ရွှေစိမ်း၊ ရွှေဆည်ရည် ထုတ်လုပ် မှုလုပ်ငန်း၊ Green Tricho ဇီဝမှိုသတ်ဆေးထုတ်လုပ်မှုလုပ်ငန်း၊ စပါးသုတေသနဌာန၊ ရွှေဇီဝသဘာဝ မြေဩဇာထုတ်လုပ်ရန်အတွက် အဏုဇီဝပိုးမွေးမြူသည့် အဏုဇီဝဓာတ်ခွဲခန်းများတွင် သုတေသန ဆောင်ရွက်နေမှုနှင့် တောင်သူများထံ ထုတ်လုပ်ရောင်းချရန် ပြင်ဆင်ထားသည့် ဇီဝထုတ်ကုန်များအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ သုတေသနမှ ၂၀၂၂ ခုနှစ်တွင် နည်းပညာလွှဲပြောင်းပြီးသော သုတေသနများမှာ ငါးအမိုင်နို အက်စစ်ထုတ်လုပ်ခြင်း၊ မြေဆွေးပြုလုပ်ခြင်းနှင့်ပင်စည်တုတ်ခိုင်သောကြံမျိုး ထွန်းသစ်အား အပင် တစ်သျှူးနည်းပညာဖြင့် မျိုးပွားခြင်းတို့ဖြစ်၍ လက်ရှိတွင် နည်းပညာလွှဲပြောင်းရန်အသင့်ဖြစ်သော သုတေသနများမှာ ငါးအစာတောင့်(ငါးသန်အစား)၊ ရှားစောင်းလက်ပပ်ဖြင့် ပြုလုပ်ထားသော မျက်နှာသစ်ဆပ်ပြာ၊ ရှားစောင်းလက်ပပ်ဖြင့် ပြုလုပ်ထားသော ဖြည့်စွက်စာ၊ တစ်သျှူးသစ်ခွမျက်နှာသစ် ဆပ်ပြာနှင့် မြေမဲ့စိုက်ပျိုးရေးစနစ် သုတေသနများဖြစ်ကြောင်း သိရသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)